စစ်ကိုင်းတိုင်းအတွင်းက စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန် ၇ ဘီလီယံကျော်ကို မတ်လကုန်အတွင်းအပြီးတောင်းမည်

မုံရွာ ဖေဖေါ်ဝါရီ၂၈-၂၀၁၉

ဗျဂ္ဃ(VOM)

၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွေကနေ ထုတ်ချေးပေးခဲ့တဲ့ ချေးငွေတွေထဲက ကျန်ရှိနေသေးတဲ့ ကြွေးကျန် ၇.၁ ဘီလီယံကျော်ကို လာမယ့် မတ်လအကုန်မှာ အပြီးရရှိအောင် တောင်းသွားမယ်လို့ စစ်ကိုင်းတိုင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၂၂ မြို့နယ်က တောင်သူပေါင်း ၁၂၈၆၇ ထံကနေ မိုး၊ ဆောင်း၊ မိုးကြိုသီးနှံတွေအတွက် ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်လည်ရရှိဖို့ လိုအပ်နေတာပါ။ စိုက်ပျိုးစရိတ်ချေးငွေ အချိန်ပြည့်ကြွေးကျန် ပြန်ရရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက အစီအမံတွေရေးဆွဲကာ လုပ်ဆောင်နေတာလို့သိရပါတယ်။

 

စစ်ကိုင်းတိုင်းမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲပေါင်း ၃၂ ခုရှိပါတယ်။ ပြန်မဆပ်တဲ့ တောင်သူတွေကို အပိုင်း ၄ပိုင်းဖြစ်တဲ့ ကြွေးကျန်သူက ပုံစံ ၇ ရရှိပြီးသူ ဟုတ်မဟုတ်၊ ပုံစံ ၇ ရပြီးရင်လည်း လက်ဝယ်ရှိမရှိ၊ ပေါင်နှံထားတာ သို့မဟုတ် ရောင်းချထားတာ ရှိမရှိ၊ ကြွေးကျန်တောင်သူမှာ ပုံစံ ၇ ရှိပေမယ့် လယ်မရှိဘဲ ငွေထုတ်ချေးထားတာ ရှိမရှိ၊ လူမရှိ၊ လယ်မရှိ ပုံစံ ၇ လည်းမရှိဘဲ ငွေထုတ်ချေးထားတာ ရှိမရှိ စတဲ့ အပိုင်း ၄ ပိုင်းနဲ့ စိစစ်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေက ထီးချိုင့်မြို့နယ်က အများဆုံးကျန်ရှိနေတာပါ။ တောင်သူဦးရေ ၇၀၆၁ ဦးထံက ငွေကျပ်သန်းပေါင်း ၄၇၁၅.၇၁ ရရှိဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။

 

“တောင်သူက တာဝန်မသိတာလို့ပဲပြောရမလား။ တချို့ကဆပ်နိုင်ရဲ့နဲ့ မဆပ်ဘူး။ အဲဒါတွေက တောင်းရတာခက်တယ်။ အရေးမယူချင်ဘူး။ အရေးယူတယ်ဆိုတာ နောက်ဆုံးအဆင့် မလွှဲသာမရှောင်သာမှ အရေးယူချင်တာ။ တောင်သူက တာဝန်သိသိနဲ့ ပေးဆပ်လိုက်ရင် ငွေလည်ပတ်လို့ရတယ်။ အခုလိုကြွေးကျန်တော့ ငွေလည်ပတ်ဖို့ အခက်အခဲရှိတာပေါ့။”လို့ တိုင်းမန်နေဂျာ ဦးမျိုးမြင့်ဦးက ပြောပါတယ်။

 

၂၀၁၈ ခုနှစ်မှာလည်း စိုက်ပျိုးစရိတ်ချေးငွေ ၂၀၃ ဘီလီယံကျော် ထုတ်ချေးပေးထားပါတယ်။ နောက်ပိုင်းထုတ်ချေးတာတွေကတော့ ပုံစံ ၇ မူရင်း တွေပါ သိမ်းဆည်းထားတာဖြစ်တဲ့ ပြန်မဆပ်တာ နည်းလာတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေက နိုင်ငံတော်ဘဏ္ဍာငွေဖြစ်လို့ မဖြစ်မနေပြန်ဆပ်ကြရမှာဖြစ်ပြီး ပြန်မဆပ်သူတွေကိုတော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားတော့မှာလည်းဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်နေရာအနှံ့က တောင်သူဦးကြီးတွေကို နိုင်ငံတော်အစိုးရက စိုက်ပျိုးစရိတ်ချေးငွေတွေ နှစ်စဉ် မိုးကြို၊ မိုး၊ ဆောင်း  သီးနှံရယ်ဆိုပြီး တနှစ်ကို ၃ ကြိမ် ထုတ်ချေးပေးနေတာပါ။ အခုဆိုရင် စပါး သီးနှံအတွက် ၁ ဧကကို ၁ သိန်းခွဲကျပ်၊ အခြားသီးနှံအတွက် ၁ ဧကကို ၅ သောင်းကျပ်ကနေ ၁ သိန်းကျပ်ထိတိုးပြီး ထုတ်ချေးပေးနေပါတယ်။

 

#voiceofmyanmar#စစ်ကိုင်းတိုင်း#စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်

Related posts

Leave a Comment

VOM News

FREE
VIEW