ဒုံဟီးမြို့ မှာ ကျောက်ကြမ်းပိုး တစ်ပိသာ ကျပ် ၃ သောင်းအထိ အရောင်းအ၀ယ်ဖြစ်

ဒုံဟီး ဖေဖော်ဝါရီ ၂၈-၂၀၁၉

မိုင်ချယ်ရီ (VOM)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့မှာရှိတဲ့ ချောင်းကမ်းပါးတွေက ကျောက်တုံးကျောက်ခဲတွေ ကြားမှာနေထိုင်တဲ့ (ဒေသအခေါ်) ကျောက်ကြမ်းပိုးတွေကို တစ်ပိသာ ငွေကျပ် သုံးသောင်း ပေါက်တဲ့ အထိ ကချင်ပြည်နယ် မြစ်ကြီးနားဖက်ကနေ ဈေးကောင်းပေးဝယ်ယူနေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ကျောက်ကြမ်းပိုး ဟာဆိုရင် အမည်းရောင်ဖြစ်ပြီး ကိုယ်ထည်အရွယ်အစားက လက်ညိုးရဲ့ လက်သည်းအရွယ်အစားလောက်သာ ရှိပြီးတော့ ချောင်းစပ်တွေမှာ ဒီဇင်ဘာလ လောက်ကနေ ဖေဖော်ဝါရီလ လောက်အထိ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင်ငယ်လေးတွေ ဖြစ်ပါတယ်။

ဒီအကောင်ငယ်လေးတွေကို တရုတ်နိုင်ငံက ဆေးဖက်ဝင် စားစရာအဖြစ်နဲ့ မြစ်ကြီးနားမြို့ဖက်ကနေ တင်သွင်းနေရတာကြောင့် မြစ်ကြီးနားမြို့ က ပွဲစားတွေက ကျောက်ကြမ်းပိုး ထွက်တဲ့ ဒုံဟီးမြို့ဖက်မှာလာရောက် ၀ယ်ယူကြတာ ဖြစ်တယ်လို့ ဒေသခံနာဂတိုင်းရင်းသားတွေက ပြောပါတယ်။

“ခါတိုင်းနှစ်တွေက မရောင်းရပဲ ဒီနှစ်မှ ရောင်းနေရတာ။ ဒီကဒေသခံ ဆိုင်တွေကလဲ လာရောင်းတဲ့သူ ရှိရင် ၀ယ်ကြတယ်။ ချက်ခြင်း သွားကောက်ပြီး ဆိုင်တွေမှာ ရောင်းရင် နို့ဆီဗူးတစ်ဗူးကို နှစ်ထောင် အဲ့လို ၀ယ်ကြတယ်။ ဒီကောင်တွေက ဆောင်းတွင်းမှာပဲ များတယ်” လို့ ဒုံဟီးမြို့မှာ နေထိုင်တဲ့ ဦးနိုင်ချမ်း က ပြောပါတယ်။

ကျောက်ကြမ်းပိုးလို့ ခေါ်တဲ့ ဒီအကောင်တွေကို အရှင်လတ်လတ် ထောင်းစားတာက နာဂတိုင်းရင်းသားတွေ အတွက်တော့ ရိုးရာ အစားအစာ တစ်ခုလို ဖြစ်နေပါတယ်။ အရင်က ဒေသရဲ့ အစားအစာ တစ်ခု ဖြစ်ခဲ့ပေမယ့် ဒီနှစ်ကနေစပြီးတော့ တရုတ်နိုင်ငံဖက်ကနေ ၀ယ်ယူလာကြတဲ့အတွက် နာဂဒေသအပါအ၀င် ကျောက်ကြမ်းပိုးထွက်ရှိတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖက်မှာ တစ်ပိသာကို ငွေကျပ် ၂သောင်းကနေ ၃သောင်း အထိ ၀ယ်ယူနေကြတယ်လို့ ပူတာအိုဖက်ကနေ လာတဲ့ သတင်းတွေ အရ သိရပါတယ်။

ပူတာအိုမြို့နယ်ဖက်မှာတော့ ဖုန်ကန်ရာဇီရေခဲတောင်ဘက်မှာရှိတဲ့ နမ့်လန်ချောင်းတစ်လျှောက်မှာ အများဆုံး ရှာဖွေတွေ့ရှိတာဖြစ်ပြီး ဒုံဟီးမြို့နယ်မှာတော့ ဒုံဟီးမြို့အနီးဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းကမ်းပါးတစ်လျှောက်မှာ အများအပြား ရှာဖွေတွေ့ရှိနိုင်တာ ဖြစ်ပါတယ်။

 

#voiceofmyanmar#ဒုံဟီး#ကျောက်ကြမ်းပိုး#နာဂ#ကချင်ပြည်နယ်

 

Related posts

Leave a Comment

VOM News

FREE
VIEW