မြေလွတ်၊မြေလပ် ၊ မြေရိုင်း ဥပဒေ အလိုမရှိကြောင်း တမူးမြို့နယ်ရှိ ပြည်သူများ ဆန္ဒထုတ်ဖော်

တမူး မတ် ၁၁-၂၀၁၉

မိုင်ချယ်ရီ ( VOM)

စစ်ကိုင်းတိုင်း တမူးမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေစုပေါင်းပြီးတော့ မြေလွတ် မြေလပ်မြေရိုင်း ဥပဒေ ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

တမူးမြို့ နဲ့ ဟုမ္မလင်းမြို့နယ် ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာ ရှိတဲ့ ကျေးရွာ ၁၀ ရွာ က ပြည်သူတွေဟာ ဒီနေ့နံနက် ၈  နာရီ အချိန်လောက်ကနေစပြီးတော့ စေတီကျေးရွာ ၊ဖိုင်လင်းကျေးရွာ၊ ကျွန်းပင်သာကျေးရွာ နဲ့ တုံးကျော်ကျေးရွာ စတဲ့ ကျေးရွာ၎ ရွာမှာ စုပေါင်းပြီး တစ်ရွာမှာ လူဦးရေ ၁၀၀ကျော် နဲ့ တစ်ရွာပြီးတစ်ရွာ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။

 

ဆန္ဒထုတ်ဖော်ရာမှာ ကူကီးတိုင်းရင်းသားများနေထိုင်တဲ့နေရာဒေသတွေမှာ မြေလွတ်မြေလပ်မြေရိုင်းမရှိ ၊၂၀၁၈ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေအား ပြင်ဆင်ပေးပါ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေအား အလိုမရှိ ဆိုတဲ့ စာသားတွေ ပါဝင်တဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်တဲ့ ဦးဆေးရင် က ပြောပါတယ်။

“ကျေးရွာတွေဆိုတော့ ဒီဥပဒေကိုတော့ အစအဆုံး ဃဂဏန မသိဘူး။ ဒါပေမယ့် ဒီဥပဒေက ခြောက်လအတွင်းမှာ လျှောက်ရမယ် မလျှောက်လို့ရှိရင် ဒီမြေကို မြေလွတ်မြေလပ်မြေရိုင်းအဖြစ် သတ်မှတ်မယ်ဆိုတဲ့ ဟာက ဒီနေ့ နောက်ဆုံးရက် ဖြစ်နေတယ်။ ဒါပေမယ့် ဒီဥပဒေကိုက ဒီမှာက ကြားတာက သိပ်မကြာသေးဘူး။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ ဒီဥပဒေ ပြဋ္ဌာန်းလိုက်တယ် ခြောက်လအတွင်း လျှောက်ရမယ်ဆိုတဲ့ ဟာပါတဲ့ အတွက်ကြောင့် လျှောက်လို့ရှိရင်လဲ အချိန်ကလဲ မမှီဘူး ဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေကို ပြင်ဆင်ပေးပါ ဘိုးဘွားပိုင်မြေယာတွေပဲ ရှိပါတယ် မြေလွတ်မြေလပ်မြေရိုင်းမရှိဘူးဆိုတာကို ဆန္ဒထုတ်ဖော်တောင်းဆိုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် အတွင်းပြဋ္ဌာန်းလိုက်သည့် မြေလွတ်မြေလပ်မြေယာဥပဒေ သည် လုပ်ကွက်ငယ်တောင်သူများ နစ်နာပြီး လုပ်ကွက်ကြီးသမားတွေကို ဦးစားပေးသကဲ့သို့ ဖြစ်နေခြင်း ၊ မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်အရ ဥပဒေပြဋ္ဌာန်းပြီး ၆ လအတွင်းလျှောက်ထားရမည်ဆိုတဲ့ အချက်က အချိန်လုံလောက်မှု မရှိခြင်း ၊ မြေစာရင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်တွေကို ပြည့်ပြည့်စုံစုံ တိုင်းတာဖို့ မြေပုံနဲ့လက်တွေ့ မြေပေါ်အခြေအနေတွေ တိကျဖို့ လိုအပ်သေးခြင်း ၊ မြေလွတ်မြေလပ်မြေရိုင်းဆိုတာ တိုင်းရင်းသားဒေသတွေမှာ မရှိခြင်း ရိုးရာဓလေ့အရ ဘိုးဘွားပိုင်မြေယာသာရှိခြင်း မြေလွတ်မြေလပ်မြေရိုင်းဥပေဒကို အကြောင်းပြု တိုင်းရင်းသားပြည်သူများ၏ မြေယာများကို သိမ်းဆည်းခြင်းများ ဖြစ်ပေါ်လာနိုင်တာတွေကြောင့် လူမှုရေးအဖွဲ့အစည်းတွေ တိုင်းရင်းသားပြည်သူတွေက ဒီဥပဒေကို ကန့်ကွက်နေကြတာဖြစ်ပါတယ်။

 

#တမူး #မြေလွတ်မြေလပ်မြေရိုင်း #ဘိုးဘွားပိုင်  #ရိုးရာဓလေ့

Related posts

Leave a Comment

VOM News

FREE
VIEW