ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းဖို့တာဝန်ယူမယ့်သူမရှိရင်    ရပ်တည်ချက်ချက်အတိုင်းဆက်လုပ်မယ်လို့ ကရင်နီပြည်လူငယ်များပြော

မတ် ၁၂-၂၀၁၉

သစ်တော်

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းဖို့ တာဝန်ယူမယ့်သူမရှိခဲ့ရင်  ရပ်တည်ချက်အတိုင်းဆက်လက် လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည် လူငယ်များအင်အားစုက ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကရင်နီပြည် လူငယ်များအင်အားစု သပိတ်ကော်မတီဝင် မရိုစီကျော်က

 

” ကျွန်မတို့ ကရင်နီလူငယ်အင်အားစုအနေနဲ့ ဆက်ပြီးတော့မှ ဒီအရေးနဲ့ပတ်သတ်ပြီး လှုပ်ရှားသွားမယ် ဘယ်လိုပုံစံနဲ့လှုပ်ရှားမယ်ဆိုတာကိုတော့ လှုပ်ရှားမှုတစ်ခု ထွက်လာတဲ့အချိန်ကြမှ သိကြရလိမ့်မယ်ပေါ့ ဘယ်လိုပဲဖြစ်ဖြစ်ဒီတိုက်ပွဲကိုတော့ဆက်တိုက်သွားမယ်။ ဘယ်သူမှာမှ တာဝန်မရှိဘူးဆိုရင်တော့ ကျွန်မတို့ ကရင်နီလူငယ်မှာပဲ တာဝန်ရှိတယ်ဆိုရင် ကျွန်မတို့ရပ်တည်ချက်အတိုင်း ဖယ်ရှားရေး ဖြုတ်ချရေး တာဝန်ရှိသွားတယ်။ တုန့်ပြန်မှုတစ်စုံတရာမရှိဘူးဆိုရင်တော့ ရပ်တည်ချက်အတိုင်းဆက်လုပ်မယ်” လို့ပြောပါတယ်။

 

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ဆိုင်းဖို့ ဆွေးနွေးခဲ့တာ ၁လပြည့်ခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ထိခိုက်စေတဲ့ ကြေးရုပ်ကိုမတ်လ ၁၇ ရက် နောက်ဆုံးထားရွှေ့ဆိုင်းပေးဖို့ ကယားပြည် နယ်အစိုးရကို ကရင်နီပြည်လူငယ်များအင်အားစုက တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ ကရင်နီလူငယ်တွေရဲ့ ကြေးရုပ်ရွှေ့ပြောင်းရေးညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၁၂ ရက်ကနေ မတ်လ ၁၂ ရက် အတွင်းဆွေးနွေးဖို့ သဘောတူခဲ့ပေမယ့် ညှိနှိုင်းမှုတစ်ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီးအဆင်မပြေဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

 

“ကျွန်မတို့ တစ်လပြည့်သွားပြီးပေါ့ အဲ့ကြားထဲမှာ ရုပ်ထုဖြစ်မြောက်ရေးကော်မတီ နဲ့ညှိနှိုင်းတဲ့အချိန်မှာ ကော်မတီကလည်းဒီအရုပ်ရွှေ့ပေးရေး မရွှေ့ပေးရေး သူတို့နဲ့မဆိုင်ဘူးပေါ့ အဲ့ဒီအပေါ်မှာ အစိုးရကလည်း သူတို့နဲ့မဆိုင်ဘူးလို့ပြောခဲ့တယ်။ ဘယ်သူက တာဝန်ယူ တာဝန်ခံပြီးရွှေ့မယ် ဆက်ပြီးဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ကျွန်မတို့က သတိပေးလိုက်တယ်ပေါ့နော် ဘယ်သူမှလည်း တာဝန်မယူဘူးဆိုရင် ကျွန်တို့ကကရင်နီအင်အားစုအနေနဲ့ တာဝန်ယူ ရွှေ့ပေးရမလားပေါ့နော်” လို့ သပိတ်ကော်မတီဝင် မရိုစီကျော်က ပြောပါတယ်။

 

ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ကရင်နီပြည်လူငယ်များအင်အားစုရဲ့ သတိပေးစာမှာတော့  မူလတောင်းဆိုချက်ဖြစ်တဲ့ ကြေးရုပ် ဖြုတ်သိမ်းရေးနဲ့ ရွှေ့ပြောင်းရေးမူအတိုင်း အခိုင်အမာဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ယတိပြတ် အသိပေးထားတာကိုလည်းတွေ့ရပါတယ်။

#voiceofmyanmar #ကရင်နီ #ဗိုလ်ချုပ်ကြေးရုပ် #ကယားပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW