ဗီဇာကဒ်တွေကို လူတန်းစားမရွေးအသုံးပြုဖို့ရည်ရွယ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ အကြွေးဝယ်ကဒ်ရယူဖို့ အခက်အခဲတွေရှိနေ

ရန်ကုန် ၊ မတ် ၁၃

TGH (VOM)

Visa card တွေကို လူတန်းစားမရွေးသုံးစွဲနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ ချိတ်ဆက်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့  Credit Card ရယူဖို့ ဘဏ်တွေကိုလျှောက်တဲ့အခါ အဆင်မပြေမှု အခက်အခဲတွေ ဖြစ်ပေါ်နေပြီး အခြေခံလူတန်းစားတွေ အသုံးမပြုနိုင်သေးဘူး လို့ ဗီဇာကဒ်လျှောက်ထားသူ အချို့ကပြောဆိုပါတယ်။

ဒီလို အကြွေးဝယ်ကဒ်လျှောက်ထားတဲ့အခါ  အဆင်မပြေတာတွေ ၊ အခက်အခဲတွေကြုံတွေ့ရတာဟာ အကြွေးဝယ်ကဒ်ဖြစ်တာအပြင် အကြွေးဝယ်ကဒ်ဖြစ်လို့  ဘဏ်အနေနဲ့ လိုအပ်တဲ့အချက် အလက်တွေကို တောင်းခံတာမျိုးရှိသလို နိုင်ငံရဲ့အခြေအနေ အရ ဥပဒေဘောင်အတွင်းကနေ ဗဟိုဘဏ်မှ ချမှတ်ထားတာတွေကို လိုက်နာရတာတွေရှိတာကြောင့် အကြွေးဝယ်ကဒ်လျှောက်ထားတဲ့ အခါ လတ်တလော အခက်အခဲရင်ဆိုင်နေရတာဖြစ်နိုင်ကြောင်းနဲ့ ၄င်းကဒ်အတွက် အခက်အခဲရှိပါက debit card ကို ရွေးချယ်သုံးစွဲနိုင်တယ်လို့  Visa Myanmar  ရဲ့ Country Manager ဖြစ်သူ Lilian Wang က ပြောပါတယ်။

“ကဒ်အမျိုးအစား ၂ ခုရှိတယ် ။ အကြွေးဝယ်ကဒ်ဖြစ်တာကြောင့် သူရဲ့ လိုအပ်ချက်အရ အချက်အလက်တွေတောင်းတာရှိတယ်။ ကဒ်အမျိုးအစားပေါ်မူတည်ပြီး လွယ်တာရှိမယ် ခက်ခဲတာရှိမယ်။ ခုချိန်ကစောသေးတဲ့အတွက် အကြွေးဝယ်ကဒ်အနေနဲ့ဆိုရင်တော့ ခက်ခဲတာဖြစ် နိုင်ပါတယ်။ နောက်ပြီး အကြွေးဝယ်ကဒ်တွေမြန်မာနိုင်ငံကို ၀င်လာတာ ၂ နှစ်လောက်ပဲရှိသေးတယ်။အချိန်အတိုင်း အတာတစ်ခုအရ သူတို့ရဲ့လုပ်ငန်းစဉ်တွေကိုပိုကောင်း အောင်လုပ်နေတဲ့အချိန်မှာ တဆင့်ခြင်းတိုးတက်ပြောင်းလဲလာ တာရှိပါမယ်။အစပိုင်းမှာတော့ အခက်အခဲရှိမယ်။ ဒီထက်တော့ပိုကောင်းလာမယ်။ တတ်နိုင်သမျှပိုကောင်းလာအောင် ကျွန်တော်တို့လုပ်သွားမယ်။အကြွေးဝယ်ကဒ်လုပ်တဲ့အခါ အခက်အခဲရှိရင် debit card ကိုရွေးချယ်သုံးစွဲနိုင်တယ်”လို့ သူကပြောပါတယ်။

Visa myanmr အနေနဲ့ product မျိုးစုံကို ထုတ်လုပ်တဲ့အဓိကရည်ရွယ်ချက်ဟာ လူတန်းစားမျိုးစုံ အသုံးပြုနိုင်ဖို့ဖြစ်ပြီး အခုအချိန်မှာဆိုရင် ပြည်တွင်း မှာ အဖွဲ့ဝင်ဘဏ်တွေအနေနဲ့ ပုဂလိကဘဏ် ၉ ခုရှိနေပြီး ဘဏ် ၆ ခုကတော့ ကဒ်တွေကိုထုတ်နေပြီလို့ဆိုပါတယ်။

ဒါ့အပြင် အစိုးရဘဏ်တွေနဲ့ချိတ် ဆက်လုပ်ဆောင်သွားဖို့ကတော့ ပြောင်းလဲမှုအခြေအနေပေါ်မူတည်ကြောင်းနဲ့ ဘဏ်ဘက်ကလည်း လုပ်ချင်စိတ်ရှိမရှိဆိုတဲ့အပေါ်မူတည်တယ်လို့ဆိုပါတယ်။

အကြွှေးဝယ်ကဒ်လျှောက်တဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲနဲ့ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးဖြစ်သူ မဇင်မာ က “ခရက်ဒစ်ကဒ်က အကြွေးဝယ်ကဒ်ဆိုတာတော့သိတယ်။ဒါပေမယ့် မလျှောက်ဖူးဘူး ။ ဘယ်လိုသုံးရမယ်ဆိုတာတောင် မသိဘူး။ ၂၀၁၈ မှာတော့ ကျမ လျှောက်မိတယ်။ လျှောက်ရင် ရမရ မသေချာဘူးပြောတယ်။ လျှောက်ထားသူကို ထောက်ခံသူ ၂ ဦးရှိရမယ် ။ ကုမ္ပဏီတစ်ခုထဲကဖြစ်ရမယ်။ ရပ်ကွက်ထောက်ခံစာကလည်း တစ်ယောက်ကိုမူရင်းသုံးစောင်ပေးရမယ် ပြောတယ်။ဒီမှာ ကျွန်မပြောချင်တာက ဘယ်ရပ်ကွယ်က တစ်နေ့တည်းမှာ ထောက်ခံစာသုံး စောင်ပေးပါသလဲ။ကိုယ့်ရပ်ကိုရွာ နေ့တိုင်းမြင်တွေ့နေရတာမျိုးမဟုတ်ဘူးလေ။ ဒါက ပထမအချက်။ နောက်တစ်ချက်က ချေးငွေလျှောက်တဲ့အခါ အနည်းဆုံးလစာရဲ့ တစ်လစာ ၊ ဒါမှမဟုတ် တစ်ဆခွဲရမယ်ပြောတယ်။ လျှောက်လိုက်တယ် ၊ ကိုယ့်လစာထက်တောင်နည်းပြီးကျလာတယ်။ ကဒ်ဖိုးက အနိမ့်ဆုံးကဒ်တောင် ၃၀၀၀၀ သွင်းရတယ်။ငွေထုတ်သုံးမယ်ဆိုရင် တစ်ခါထုတ်ရင် ၅၀၀၀ ပေးရတယ်၊ ဘာမှန်းမသိတဲ့ နှုန်းထားတွေ ကလည်းထပ်ပေါင်းတာရှိသေးတယ်။ ကဒ်လျှောက်တဲ့အခါမှာလည်းဘဏ်တွေက သေချာရှင်းပြတယ် ဆိုတာနည်းတယ်။ပြောချင်တာက လူတန်းစားအားလုံးအတွက်ဆိုတာ ဘယ်လိုလူတန်းစားလဲမေးစရာ ရှိပါတယ်။”လို့ ဆိုပါတယ်။

ဘဏ်တွေအနေနဲ့လည်း စားသူဆီကနေ အပေါင်ပစ္စည်းရယူထားခြင်းမျိုးမဟုတ်ဘဲ အကြွေးဝယ်ကဒ်တွေ ချထားပေးရတာဖြစ်တဲ့အလျောက် အမှန်တကယ် ဘဏ်သတ်မှတ်ချက်နဲ့ ပြည့်စုံပြီး အထောက်အထား ပြည့်စုံသူတွေဖြစ်ဖို့လိုတယ်လို့ သိရပါတယ်။

လိုအပ်တဲ့အထောက်အထားကို သေချာစွာရှင်းလင်းပြော ပြပေးတာ ၊ ကဒ်တစ်ခုလျှောက်မယ်ဆိုရင် ဖြတ်တောက်မယ်နှုန်းထားအသေးအမွှားက စလို့ စားသုံးသူကို ၀န်ဆောင်မှု ပေးနိုင်ဖို့နဲ့ ဆက်ဆံရေးအပိုင်းတွေ ပိုမိုပြေပြစ်မှုရှိလာစေဖို့လည်း လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာတော့ အကြွေးဝယ်ကဒ်တွေကို စတင်မိတ်ဆက်ခဲ့ချိန်ကနေ ယနေ့အထိဆိုရင် အကြွေးဝယ်ကဒ်ပေါင်း ၄ သိန်းအထက်ကို ထုတ်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #အကြွေးဝယ်ကဒ် #ဘဏ် #Visacard

 

Related posts

Leave a Comment

VOM News

FREE
VIEW