အရေးပေါ်လူနာသယ်ဆောင်လာသည့်ကားကို စစ်တပ်ကဖမ်းဆီး လူ ၁၀ ဦးပျောက်နေ

မြောက်ဦး၊ မတ် ၁၃-၂၀၁၉

ခိုင်လင်းစံ (VOM)

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက လူနာတစ်ဦးကို မြောက်ဦးဆေးရုံသို့ပို့ဆောင်ဖို့ မနေ့ကယူဆောင်လာချိန်မှာ ခလရ ၅၄၀ နယ်မြေခံတပ်ရင်းက မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာနားမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အဲ့ဒီလူနာမှာ အသက် ၂၃ နှစ်အရွယ် မောင်လှမောင်ဝင်းဆိုသူ ဖြစ်ပြီး ငှက်ဖျားရောဂါအသည်းအသန်ဖြစ်ပွားနေပြီး သတိလစ်နေတဲ့အတွက် နီးစပ်ရာကျေးရွာတစ်ရွာဖြစ်တဲ့ ကျောင်းတောင်ကျေးရွာ လူမှုကူညီရေးအသင်းကို အကူအညီတောင်းပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။

“ငှက်ဖျားရောဂါဖြစ်နေတဲ့ လှမောင်ဝင်းဟာ စိုးရိမ်ရတဲ့အတွက် မနေ့ကညနေပိုင်းက သူနေတဲ့ သဘောက်စာ တဲစုကနေ သွားယူပြီးတော့ ကျောင်းတောင် လူမှုကူညီရေးသင်းက လိုက်ပို့ပေးတာပါ။ အဲ့ဒါကို ချောင်းသစ်ရွာအလွန်မှာ တပ်ကနေဖမ်းဆီးသွားတာဖြစ်ပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲ့ဒီဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းတောင်လူမှုကူညီရေးအသင်းက ဦးမောင်ထွန်း ဦးစိုးစိုးနိုင် ဦးမောင်စောထွန်း (၃၃) နှစ် ၊ ကိုဇော်မင်းထွန်း (၂၀) နှစ်၊ ကိုစည်သူအောင် (၁၉) နှစ်၊ ကိုဇောနိုင်ဌေး (ဘ) (၂၈) နှစ်၊ ကိုထွန်းစိုးလင်း  ဦးညံ့သာအောင် (၂၉) နှစ်နဲ့ ကားသမား ၃ ဦးအပြင် သတိလစ်နေတဲ့ မောင်လှမောင်ဝင်းတို့ဖြစ်ကြပါတယ်။

“မြောက်ဦးနယ်မြေခံတပ် ခလရ ၅၄၀ ကဖမ်းသွားတာလို့သိရပါတယ်။ မနေ့ကည ၁၀ နာရီလောက်မှာ ဖမ်းဆီးသွားတာပေါ့။ အဲ့ဒီလူနာကို ကျောင်းတောင်ကနေ ယူလာတယ်။ မြစ်ဒီဖက်ကမ်းကိုရောက်တော့ မြောက်ဦးဆေးရုံကို ကားနဲ့လာကြတယ်။ အဲ့ဒီကားကို စစ်ဆေးပြီးတော့ ဖမ်းသွားတာလို့သိရပါတယ်”လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကိုတော့ ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကို မိသားစုတွေမသိရှိရသေးတဲ့အတွက် စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

#voiceofmyanmar #မင်းပြားမြို့နယ် #ရခိုင်ပြည်နယ် #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW