အိုင်စီစီ တာဝန်ရှိသူတွေကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်လိုက်ပြီ

ဝါရှင်တန်၊ မတ်-၁၆

မျိုးဆက် (VOM)

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်က စစ်ရာဇ၀တ်မှုကျူးလွန်တယ်ဆိုတဲ့ကိစ္စကို နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ ) က စုံးစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး အိုင်စီစီ တာဝန်ရှိသူတွေကို အမေရိကန်နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးတော့မှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ဆီကို ပြည်ဝင်ခွင့်ငြင်းပယ်ခံရတဲ့ အိုင်စီစီက လူပုဂ္ဂိုလ်တွေရဲ့ အမည်တွေကို ထုတ်ဖော်ပြောဆိုထားတာမရှိပေမယ့် ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အိုင်စီစီက ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် တခြားကန့်သတ်မှုတွေကိုပါ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် ဘယ်လိုစုံစမ်းစစ်ဆေးမှုနဲ့မဆို တိုက်ရိုက်ပတ်သက်နေတဲ့ အိုင်စီစီရဲ့ ပုဂ္ဂိုလ်တွေအပေါ် ပြည်ဝင်ခွင့်ကန့်သတ်တဲ့ အမေရိကန်ရဲ့ မူဝါဒကို နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မတ် ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။

အိုင်စီစီအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို မရပ်တန့်ဘူးဆိုရင် တာဝန်ရှိသူတွေအပေါ် စီးပွားရေးအရေးယူပိတ်ဆို့တာတွေအပါအ၀င် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန်က ပြင်ဆင်နေတယ်လို့ သူ ကဆိုပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားခံရတဲ့ အိုင်စီစီတာဝန်ရှိသူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မိုက်ပွန်ပီယိုက ထုတ်ဖော်ပြောဆိုခြင်းမရပါဘူး။ အိုင်စီစီကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဥပဒေစိုးမိုးရေး ကျယ်ပြန့်တဲ့ မူဝါဒတွေနဲ့အညီ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေကို တွေဝေခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမေရိကန်ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး အိုင်စီစီက တုံ့ပြန်ထားပါတယ်။ Ref : UPI Photo : Reuters

 

#voiceofmyanmar #အိုင်စီစီ #အမေရိကန် #ပြည်ဝင်ခွင့်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW