မြောက်ဦးမြို့ပေါ်ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေ

မြောက်ဦး၊ မတ် ၂၀-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်နေရာတွေမှာ ပစ်ခတ်မှုမတွေနေ့တိုင်းဖြစ်ပွားနေပြီး ပြင်းပြင်းထန်ထန်ပစ်ခတ်နေတဲ့အတွက် မြောက်ဦးဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပွားနေကြတာဖြစ်ပါတယ်။

မြို့ပေါ်မှာပစ်ခတ်တာတွေကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာ ပိုမိုဆိုးရွားတဲ့အနေအထားမျိုးဖြစ်ပွားနေပြီး မြို့ပေါ်နဲ့အနီးဝန်းကျင်မှာ လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် နေအိမ်မီးလောင်တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

အရင်ကတော့ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ တစ်ဖက်နဲ့တစ်ဖက်ပဲ ပစ်ကြခတ်ကြ။ တိုက်ကြတာလေ။ မဆိုင်တဲ့သူတွေအတွက်တော့ သိပ်စိုးရိမ်စရာမရှိဘူးပေါ့နော်။ အခုက စစ်တပ်ကနေပြီးတော့ မြို့ထဲမှာ စစ်ကြောင်းတွေသွားတယ်။ မြို့တွင်းနေရာတွေ၊ မြို့စွန်တွေမှာ ပစ်ခတ်တာတွေလုပ်တယ်ဆိုတော့ ရပ်ကွက်တွေထိကျည်တွေကျကွဲတယ်။ ပြီးတော့ လူတွေလည်း တော်တော်များများ ထိခိုက်တာတွေရှိနေပြီဆိုတော့ စိုးရိမ်နေကြပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။

အခုလိုမျိုး ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတဲ့အတွက် နေအိမ်အပြင်ထွက်ပြီး လမ်းလျှောက်သွားလာမှုတွေ မပြုရဲလောက်တဲ့အထိကို စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။
“နယ်ကလူတွေလည်း မြို့ပေါ်ကိုမလာရဲ။ မြို့ပေါ်ကလူတွေလည်း နေအိမ်တွေမှာပဲနေကြတယ်။ လမ်းလျှောက်ထွက်တဲ့ သူတွေတောင် သိပ်မရှိတော့ဘူး။ တစ်မြို့လုံးက ခြောက်ကပ်ကပ်နဲ့ဖြစ်နေပြီဆိုတော့ ကြောက်ကြတာပေါ့ဗျ။ ပြီးတော့ အနီးအနားမှာလည်း ပစ်ခတ်သံတွေကြားနေရတော့ ကို့လာထိမှာလည်းစိုးရိမ်ကြတယ်လေ။ ဖမ်းဆီးခံရမှာလည်းကြောက် တာပေါ့။”လို့ အဲ့ဒီမြို့ခံကဆက်လက်ပြောကြားပါတယ်။

ဒါ့ကြောင့် အခုလိုမျိုးကျေးရွာတွေအနီးမှာ ပစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက် ကျေးရွာအတွင်းလက်နက်ကြီးကျည်တွေ ကျရောက်မှာကို စိုးရိမ်ပြီးတော့ မြောက်ဦးမြို့အရှေ့ဘက်မှာရှိတဲ့ မောင်သာကုန်းအနီးဝန်းကျင် ကျေးရွာတွေက ဒေသခံ တွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ်သတင်း #မြောက်ဦး #AA #တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW