ပျက်သွားတဲ့ ပလက်ဝတံတား သံပေါင်နဲ့ တံတားအစိတ်အပိုင်း လျော်ကြေးရင် အမြန်ဆောက်မည်

ပလက်ဝ မတ် ၃၁-၂၀၁၉

မိုင်ချယ်ရီ (VOM)

 

အေအေလက်နက်ကိုင်အဖွဲ့ရဲ့  တိုက်ခိုက်မီးရှို့ ဖျက်ဆီးတာကြောင့် ပျက်စီးသွားရတဲ့ သံပေါင်နဲ့ တံတားအစိတ်အပိုင်း တစ်ချို့အတွက် အာမခံထားရှိထားတဲ့ ကုမ္မဏီကနေ လျော်ကြေးငွေ ရရှိတာနဲ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

 

သူတို့ရဲ့ ထုတ်ပြန်ချက်တွေအရ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) အတွက် လိုအပ်တဲ့ သံပေါင် တန်ချိန် ၂၈၆ ဒသမ ၂၃ တန် နဲ့ ဆက်စပ်ပစ္စည်း အမေရိကန်ဒေါ်လာ (၇၁၅၀၀၀) တန်ဖိုး ရှိတဲ့ ပစ္စည်းတွေကို ရန်ကုန်မြို့ကနေ ပလက်ဝမြို့ကို MV ရတနာဝင် ရေယာဉ်နဲ့ သယ်ယူခဲ့ပါကြောင်း အဲ့ဒီလို သယ်ယူရာမှာ IKBZ အာမခံကုမ္မဏီ မှာ ကျပ်ငွေ ၄၁၈၂ ၇၅၀ ဒသမ ၀၀ ကို အာမခံငွေပေးသွင်းခဲ့ပါကြောင်း အာမခံထားရှိ တင်ပို့ခဲ့သည့် ယင်းပစ္စည်းများမှာ မတ်လ ၁၆ ရက်နေ့က အေအေလက်နက်ကိုင်အဖွဲ့မှ မီးရှို့ ဖျက်ဆီးရာမှာ အမေရိကန်ဒေါ်လာ ၃၂၇၃၆၀ တန်ဖိုး ဆုံးရှုံးခဲ့ပါကြောင်း ဆုံးရှုံးခဲ့မှုတွေကို အာမခံကုမ္မဏီကနေ လျော်ကြေး ရရှိဖို့ အတွက် တင်ပြတောင်းခံထားပြီး လျော်ကြေးရရှိပါက အမြန်ဆုံး ပြန်လည် တည်ဆောက်သွားမှာ ဖြစ်တယ်လို့ (Ministry of Construction) ဖေ့ဘွတ်စာမျက်နှာကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

တံတား စီမံကိန်းအပေါ် မျှော်လင့်ချက်နဲ့ ပတ်သက်လို့ ပလက်ဝဒေသခံ ဦးအိုက်ဝှေ့ က “ဒေသခံတွေ အနေနဲ့ ကတော့ အမြန်ပြီးစေချင်တာပေါ့ဗျာ။အဓိက ကတော့ ဒီတံတား ပြီးသွားရင် မြို့နယ် အတွက် အများကြီး အကျိုးပြုသွားမှာပေါ့ဗျာ။လမ်းပန်းဆက်သွယ်ရေးကလည်း ပြည်သူအတွက် အများကြီး အကျိုးရှိသွားမှာဖြစ်လို့ တံတားကြီး မြန်မြန်ပြီးဖို့ မျှော်လင့်ထားကြတယ်” လို့  ပြောပါတယ်။

 

ကုလာတန်မြစ်ကူးတံတား စီမံကိန်းကို ၂၀၁၆ ခုနှစ်ကနေ စတင်ပြီးတော့ ငွေကျပ် ၂၇ ဘီလီယံ အသုံးပြုပြီး တည်ဆောက်နေတာဖြစ်ပါတယ်။ ဒီတံတားစီမံကိန်းကို မူလက ၂၀၂၀ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ခဲ့ပေမယ့် တံတားအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ မျှော်လင့်ထားတဲ့ နှစ်မှာ မပြီးစီးမှာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

 

လက်ရှိမှာလည်း တံတားအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဖျက်ဆီးခံထားရတာကြောင့် စီမံကိန်းလုပ်ငန်းခွင် တစ်ချို့ ရပ်ဆိုင်းထားရတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

 

#voiceofmyanmar  #ကုလားတန်မြစ်ကူးတံတား #aa #ပလက်ဝ

Related posts

Leave a Comment

VOM News

FREE
VIEW