မဲလက်မှတ်မှာ နိုင်ငံရေးပါတီိအလံတွေ ပါတာကို လွှတ်တော်အနေနဲ့ပြန်သုံးသပ်ဖို့လိုအပ်

ရန်ကုန် ၊ မတ် ၃၁ – ၂၀၁၉

စည်ပင်ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ မဲလက်မှတ်ဘေးမှာ နိုင်ငံရေးပါတီအလံထည့်တာ ၊ နိုင်ငံရေးပါတီတွေရဲ့အမည်ကိုသုံးပြီး မဲဆွယ်တာ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေမှာရော၊ ရွေးကောက်ပွဲနည်းဥပဒေမှာပါ ၊ ပြန်သုံးသပ်ဖို့လိုတယ်လို့  ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပြောဆိုပါတယ်။

” စည်ပင်ရွေးကောက်ပွဲဆိုတာ ဒေသန္တရရွေးကောက်ပွဲဖြစ်တယ်။ ဒီလိုပွဲမှာ ပညာရှင်တွေ တစ်သီးပုဂ္ဂလတွေ ၀င်ပြီးတော့ပြိုင်ကြတယ်။ ဒါကို အာဏာရပါတီ ဒါမှမဟုတ် နိုင်ငံ ရေးပါတီကြီးတစ်ခုအနေနဲ့ သူပါတီအလံ ဆိုင်းဘုတ် သုံးပြီး မဲဆွယ်စည်းရုံးခွင့်ရမယ်ဆိုရင် တစ်သီးပုဂ္ဂလပုဂ္ဂိုလ်တွေ၊ ပညာရှင် ရွေးကောက်ခံပုဂိုလ်တွေအတွက် အခွင့်အလမ်းနည်းစရာဖြစ်နိုင်တယ်။ ဒီနေ့ရွေးကောက်ပွဲမှာ လူထုရဲ့ စိတ်ဝင်စားမှုက သိသိသာသာမြင့်တက်တာမတွေ့ရဘူး။ သိသိသာသာကျဆင်းတယ်လို့သိရတယ်။ ဒါကော်မရှင်ရဲ့ စွမ်းဆောင်ရည် အရေးကြီးတယ်လို့မြင်တယ်။ မဲဆန္ဒရှင်တွေကြား အသိပညာပေး စည်းရုံးရေးပိုင်းမှာ အားနည်းချက်တွေ လိုအပ်ချက်တွေအများကြီးရှိနေတယ်။ နောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့သုံးတဲ့ ဘတ်ဂျက်ကနေ ရလာတဲ့အကျိုးအမြတ် လူထုစိတ်ဝင်စားမှု ကိုက်ညီမှုရှိရဲ့လား ဆိုတာ ပြန်သုံးသပ်ဖို့လိုတယ်။ ဒီဘတ်ဂျက်တွေသုံးပြီး တကယ်ရောပြည်သူလူထုကြား ထိရောက် စည်းရုံးလှုံ့ဆော်နိုင်ရဲ့လား ပညာပေးနိုင်ရဲ့လားဆိုတာ သုံးသပ်ဖို့လိုအပ်တယ်။ လိုအပ်တဲ့ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုလည်းလုပ်သင့်တယ်။ ကော်မတီရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဆန်းစစ်ဖို့လိုအပ်တယ်။”လို့  ဒေါက်တာရန်မျိုးသိမ်းကဆိုပါတယ် ။

 

ဒီရွေးကောက်ပွဲမှာဆိုရင် တချို့သော ရွေးကောက်ခံကိုယ်စားလှယ်တွေက နိုင်ငံရေးပါတီအလံကို ဖော်ပြထားသလို မဲဆွယ်တဲ့အခါမှာလည်း ပါတီနာမည် အသုံးပြုမဲဆွယ်တာတွေရှိခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်နေမှုတွေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ဥပဒေ၊ နည်းဥပဒေမှာပါ  ပြန်သုံးသပ်ပြီး လိုအပ်သလိုပြင်ဆင်သင့်တယ်လို့ ပြောပါတယ်။

ထို့အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌဦးခင်မောင်ဆွေကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ခုလိုသုံးသပ်ပြောပါတယ်။

” ပါတီတွေဟာ နေရာတိုင်းမှာဝင်လာပြီဆိုတာသွားတွေ့ရတယ်။ နောက်ပြီးမဲဆွယ်တဲ့အခါမှာလည်း အစိုးရတာဝန်ရှိသူတွေကပါ ၀င်ပြီးတော့မဲဆွယ်တဲ့အခါကျ ဒါကြီးက တော်တော်ကိုအရုပ်ဆိုးနေပြီလို့ တွေ့ရတယ်။ နေရာတိုင်းမှာ အနိုင်လိုချင်နေတဲ့ပါတီတွေကို တွေ့ရတော့ စိတ်ပျက်မိတယ်။ ပြည်သူတွေစိတ်ဝင်စားမှု အားနည်းတယ်ဆိုတာ လုပ်ပုံလုပ်နည်းက ပါတီနံပါတ်တွေ ပြိုင်တဲ့အဆင့်ရောက်သွားပြီဆိုတော့ ပြည်သူကို တိုက်ရိုက်ကြီးအကျိုးပြုရမယ့်သူတွေက ပါတီတွေကပါ သွားနေတာ ကျွန်တော်တို့သိပ်မကြိုက်ဘူး မနှစ်မျို့တော့ စိတ်မ၀င်စားတော့ဘူး။ ဒီဟာက တစ်ခုခုတော့ မသမာမှု တွေရှိလာနိုင်တယ်ဆိုတာကြိုမြင်နေတယ် ၊ ခံစားနေရတယ် ၊ တွေ့မြင်နေတယ်၊ ထင်နေတယ် အဲ့တော့လုပ်ချင်ရာလုပ်တဲ့ခေတ်ကြီးမှာ လုပ်ချင်ရာလုပ်ကြပါစေပေါ့။ စိတ်ဝင်စားမှုလျော့နည်းပြီးလွှတ် ထားတဲ့အနေအထားပါပဲ”။

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲဟာ ရန်ကုန်မြို့နေပြည်သူတွေနဲ့တိုက်ရိုက်ထိတွေ့ ဆက်ဆံရမယ့် ကဏ္ဍဖြစ်တာကြောင့် ဒီနေရာအတွက် တတ်ကျွမ်း နားလည်သူတွေ ၊ အရည်အချင်းရှိတဲ့သူတွေ ၊ ပညာရှင်တွေသာ ရသင့်တယ်လို့ ၊ ရစေချင်ကြောင်းနဲ့ အမှန်တကယ် မြို့နယ်အတွက် အလုပ်လုပ်မယ့်သူ မျိုးကိုသာရစေချင်တယ်လို့ ဆန္ဒမဲပေးသူတချို့ကပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို ရန်ကုန်မြို့ရဲ့ ၃၃ မြို့နယ်မှာ ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ညနေ ၄ နာရီမှာ မဲရုံပိတ်မှာဖြစ်ပါတယ်။ မဲရုံတွေအနေအထားမြင်ရတာတော့ မဲပေးသူဦးရေ အတော်နည်းတာကိုတွေ့ရှိခဲ့ရပါတယ်။ ညနေပိုင်းမှာရေတွက်ပြီးသလောက် မဲရလဒ်တွေကို ကြေငြာဖွယ်ရှိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW