တောမီးကြောင့် လူ ၂ ဦးသေဆုံး

ကနီ မတ် ၃၁-၂၀၁၉

ဗျဂ္ဃ(VOM)

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မဟူတောင်တန်းပေါ်မှာ တောမီးကြောင့် လူ ၂ ဦးနေရာတင် သေဆုံးမှု မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ကနီမြို့နယ်၊ ပါဟဲမြောက်ရွာကနေ သူငယ်ချင်း ၆ ယောက် တောထဲကို သွားကြတာမှာ ကြောက်အားလန့်အားနဲ့ထွက်ပြေးကြပြီး ဒီထဲက၂ ယောက်က သစ်ပင်ပေါ်တက်ပြေးရာက သစ်ပင်ပါ မီးကူးစက်ကာ လူပါမီးလောင်ကျွမ်းပြီး သေးဆုံးခဲ့ကာ ၂ ယောက်မှာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာ ရခဲ့သလို နောက် ၂ ယောက်တော့ ပြင်ပဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

 

“ဦးတို့ရွာမှာ ဒါမျိုး မဖြစ်ဖူးဘူး။ အခုသေတဲ့ ၂ ယောက်က ရဲထက်နှင့် အောင်ကျော်မင်း။ ၂ ယောက်လုံး အိမ်ထောင်ရှိကြတယ်။ ကလေး ၁ ယောက်စီရှိတယ်။ အောင်ကျော်မင်းကတော့ ဦးရဲ့သား။ တောမီးက သစ်ရွက်ခြောက်တွေ အပေါ်ယံရှပ်လောင်တာ၊ သစ်ပင်ပေါ်တက်ရင် လွတ်နိုင်တယ်ဆိုပြီး အတွက်လွဲသွားဟန်တူပါတယ်။”လို့  သားသေဆုံးသွားတဲ့  ဖခင်ဦးစန်းလွင်က ပြောပါတယ်။

ဒဏ်ရာ ပြင်ထန်တဲ့ ၂ယောက်ကိုလည်း မုံရွာဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းအရ ဆေးကုသခံယူနေသူ ၁ ဦးကတော့ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ဆေးကုသမှု ခံယူရင်း သေဆုံးသွားပြီလို့ သိရပါတယ်။ ကျန် ၁ယောက်ကိုလည်း မန္တလေးကို လွှဲပြောင်းဖို့ လုပ်နေတယ်လို့ သိရပါတယ်။

 

မီးလောင်တဲ့နေရာနဲ့ ရွာနဲ့က ၆ မိုင်လောက်ဝေးကာ မီးလောင်တဲ့ နေရာက မင်းကင်းမြို့နယ်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ရွာကနေ သွားရောက် ကယ်ဆယ်ခဲ့သူတွေရဲ့ ပြောပြချက်အရ မီးလောင်တဲ့ သစ်ပင်က ၁၀ တောင်လောက် အမြင့်ရှိတယ်လို့ဆိုပါတယ်။ မီးလောင်ပြင်းတဲ့အတွက် ဘယ်သူဘယ်ဝါ ရုပ်တောင် မပီပြင်တော့ဘူးလို့လည်း ပြောပါတယ်။ အခုအချိန်က မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တောင်ယာတွေ မီးရှို့ချိန်၊ တောမီးလောင်ကျွမ်းနေချိန်လည်း ဖြစ်ပါတယ်။

 

#voiceofmyanmar #ကနီ #တောမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW