ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အိန္ဒိယအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးတာတွေ စတင်နေ

ဒေလီ ၊ ဧပြီ-၁၁ ၊ ၂၀၁၉

မျိုးဆက် (VOM)

 

ဝန်ကြီးချုပ်မိုဒီအပေါ် ဆန္ဒခံယူပွဲတစ်ရပ်လို့  ရှုမြင်ရတဲ့ အထွေထွေရွေးကောက်ပွဲရဲ့ ပထမအဆင့် မဲပေးတာတွေကို ဧပြီ ၁၁ ရက်မှာ အိန္ဒိယပြည်သူတွေစတင်မဲပေးနေပြီဖြစ်ပါတယ်။

 

သန်းပေါင်းများစွာသော အိန္ဒိယနိုင်ငံသား မဲဆန္ဒရှင်တွေဟာ ပြည်နယ် ၂၀ နဲ့  ပြည်ထောင်စုနယ်မြေတွေရှိ မဲဆန္ဒနယ် ၉၁ ခုမှာ ၎င်းတို့မဲပေးကြရမှာဖြစ်ပါတယ်။

ပါလီမန်ရှိ အောက်လွှတ်တော်သစ်အတွက် လွှတ်တော်အမတ်တွေရွေးချယ်ဖို့ အဆင့်ခုနှစ်ဆင့်နဲ့ မဲပေးတာတွေ ကို မေ ၁၉ တိုင်အောင် ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ဆန္ဒမဲရေတွက်တာကို မေ ၂၃ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

 

ရွေးကောက်ပွဲမှာ နိုင်ငံတစ်ဝန်း ဆန္ဒမဲပေးခွင့်ရှိသူ သန်း ၉၀၀ ရှိပြီး အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့သမျှရွေးကောက်ပွဲတွေထဲမှာတော့ အကြီးဆုံးရွေးကောက်ပွဲဖြစ်ပါတယ်။ ၀န်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒိုအမျိုးသားရေး ဘီဂျေပီ ပါတီဟာ နောက်ဆုံးကျင်းပခဲ့တဲ့  ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲမှာ သမိုင်းဝင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။

 

ဒါပေမယ့် ၀န်ကြီးချုပ်မိုဒီရဲ့ စီးပွားရေးတိုးတက်ဖို့နဲ့ အလုပ်ကိုင်ဖန်တီးမယ်ဆိုတဲ့ ကတိက၀တ်ကတော့ မျှော်လင့်သလောက် အကောင်အထည်မဖော်နိုင်ဘူးလို့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ပြောဆိုပါတယ်။

လက်ရှိအာဏာရ ဘီဂျေပီပါတီဟာ အိန္ဒိယနိုင်ငံရဲ့ ဒေသအသီးသီးက အားကောင်းတဲ့ ပါတီတွေနဲ့ ၀န်ကြီးချုပ်အဖြစ် ရာထူးတွေရယူနိုင်ခဲ့တဲ့  နေရူးရဲ့မြစ်တစ်ဦးဖြစ်သူ ရာဟူးဂန္ဒီဦးဆောင်တဲ့ ကွန်ဂရက်ပါတီရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ပါလီမန်အောက်လွှတ်တော်ကနေ အမတ်နေရာ ၅၄၃ နေရာရွေးချယ်ရမှာဖြစ်ပြီး အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ ပါတစ်တစ်ရပ်ရပ်ဖြစ်စေ သို့မဟုတ် ညွှန့်ပေါင်းအဖွဲ့အနေနဲ့  အမတ်နေရာ ၂၇၂ နေရာ အနိမ့်ဆုံးရရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။

 

Ref : BBC

Photo : Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW