မန္တလေးတိုင်းမှာ ဧပြီလကုန်ထိ နေ့အပူချိန်  မြင့်တက်မယ်

မန္တလေး၊ ဧပြီ ၁၉-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးတိုင်းမှာ ဧပြီလနောက်ဆုံးအပတ်ထိ ပုံမှန်နေ့အပူချိန်ထက် ပိုပြီး အပူချိန်မြင့်တက်မယ်လို့ မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ခွဲကနေ သိရပါတယ်။
” မန္တလေးတိုင်းဒေသကြီးမှာ လာမယ့် ဆယ်ရက်ပတ်အတွင်း ပုံမှန်နေ့အပူချိန်ထက် ၁ ဒသမ ၅ စင်တီဂရိတ် ပိုပူနိုင်ပါတယ် ၊ ပုံမှန်အပူချိန်ထက် ပိုမိုမြင့်မားနေချိန် ပြည်သူလူထုအနေနဲ့ အပူဒဏ်လျော့ပါးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက အကြံပြုနှိုးဆော်သတိပေးချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ ” ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ခွဲ ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာ ဧပြီလအတွင်း ပုံမှန်ဆိုရင် နေ့အပူချိန်ဟာ ၃၉ စင်တီဂရိတ်ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ် ဧပြီလအတွင်းရဲ့ နေ့အပူချိန်က ၄၂ ဒသမ ၅ စင်တီဂရိတ်ဝန်းကျင်ထိ မြင့်တက်ခဲ့တဲ့အတွက် ပုံမှန်နေ့အပူချိန်ထက် ၃ စင်တီဂရိတ် ပိုပူလာခြင်းဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာလည်း နောက်သုံးရက် ကနေ ငါးရက်အတွင်း မိုးရွာနိုင်ခြေ နည်းပါးပြီး ဧပြီလတတိယအပတ်အတွင်း ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ စင်တီဂရိတ်ထက် ပိုပူနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားတာလည်း ရှိပါတယ်။
လက်ရှိအပူချိန်ကြောင့် အသက်အရွယ်ကြီးရင့်သူတွေ ကလေးငယ်တွေ နေရထိုင်ရအတော်ခက်ပြီး အပြင်ထွက်လှုပ်ရှားသွားလာသူတွေဟာ အပူရှိန်ကြောင့် နေ့လယ်ပိုင်းတွေမှာ လမ်းပေါ်ထွက်သူအတော်နည်းနေတာကို တွေ့နေရပါတယ်။
#voiceofmyanmar #မန္တလေး #အပူချိန်မြင့်တက်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW