ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်လက်ခံရေး အစည်းအဝေး မေ ၃ ရက်မှာပြုလုပ်မယ်

 

ဒါကာ၊ ဧပြီ ၁၉-၂၀၁၉

မျိုးဆက် (VOM)

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား လေးကြိမ်မြောက်အစည်းအဝေးကို မေလ ၃ ရက်မှာ နေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်မှာပြောပါတယ်။

မြန်မာနိုင်ငံကနေထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကမ်းရိုးတန်းရှိ ကော့ဘဇားဒေသမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာထောင်ပေါင်းများစွာ နေရပ်ပြန်ရေးရည်ရွယ်ပြီး နှစ်နိုင်ငံအကြား လေးကြိမ်မြောက်အစည်းဝေးပြုလုပ်ရတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေ အဗ္ဗဒူမိုမန်ကပြောဆိုကြောင်း ဒါကာထရီဗြွန်း သတင်းဌာနက ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံမှုတွေပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာက သူ့ရဲ့လာမယ့် ဘရူနိုင်း ခရီးစဉ်အတွင်း တိုက်တွန်းသွားဖို့ရှိတယ်လို့လည်း မိုမန်ကပြောပါတယ်။

ပြုလုပ်ဖို့ရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ရဲ့ လေးကြိမ်မြောက်အစည်းအဝေးဟာ ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဆွေးနွေးပွဲဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်ကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နှစ်နိုင်ငံသဘောတူညီချက်အရ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအစီအစဉ်ကို နိုဝင်ဘာလမှစတင်ဖို့မျှော်လင့်ထားခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာနေထိုင်ဖို့ သင့်တော်တဲ့ အခြေအနေမရှိကြောင်း ဝေဖန်မှုတွေအပြင် ရိုဟင်ဂျာတွေက နိုင်ငံသားဖြစ်ခွင့်မရှိရင် နေရပ်မပြန်ဘူးဆိုတဲ့ အချက်တွေကြောင့် ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်းခဲ့ပါတယ်။

Ref: ANI Photo : Getty Image

#voiceofmyanmar #နိုင်ငံတကာသတင်း #ရိုဟင်ဂျာ #ဘင်္ဂလားဒေ့ရှ်

Related posts

Leave a Comment

VOM News

FREE
VIEW