ဒေသခံတွေက တစ်သျှူးငှက်ပျောစိုက်ပျိုးမှုဟာ အန္တရယ်ရှိတယ်လို့ ဆိုကြပေမယ့် ပိတ်ပစ်ဖို့မရှိဘူးလို့ ကချင်ပြည်နယ် လယ်/ဆည်ဝန်ကြီးပြော

မြစ်ကြီးနား မေ ၆-၂၀၁၉
ရန်အောင်ထွန်း

 

 

ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ပိတ်ပစ်ဖို့ ဒေသခံအများစု တောင်းဆိုနေပေမယ့် ပိတ်ပစ်လိုက်ဖို့ စိတ်ကူးမရှိဘူးလို့ ကချင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးက ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းက တစ်သျှူးငှက်ပျောစိုက်ခင်းရှိရာ ဒေသတွေမှာ တစ်သျှူးငှက်ပျော စိုက်ခင်းသုံး မြေသြဇာစားမိလို့ ဒေသခံတွေရဲ့ ကျွဲ နွားသေဆုံးမှုတွေ ၊ ငှက်ပျောခြံအတွင်း ကျွဲ နွား တိရစ္ဆာန် ၀င်တဲ့အခါမှာ နစ်နာကြေးတောင်းမှုတွေ စတဲ့ဖြစ်ရပ်တွေကြောင့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုပိတ်ပေးဖို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဆီ တောင်းဆိုချင်တာလို့ လမြန်ကျေးရွာက တောင်သူ ဒေါ်ခေါန်ယမ်းက ပြောပါတယ်။

ယခင်အစိုးရလက်ထက်ကတည်းက တစ်သျှူးငှက်ပျော တရားမ၀င် စိုက်ပျိုးခွင့် ပေးခဲ့တာ၊ နယ်မြေစိုးမိုးမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတာ အစရှိတဲ့အချက်တွေကြောင့် လက်ရှိအစိုးရအနေနဲ့ အရေးယူလို့ မရဘူးလို့ ကချင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။ ဒါပေမယ့်သူ တာဝန်ယူလာတဲ့ သုံးလတာ ကာလအတွင်းမှာတော့ တစ်သျှူးငှက်ပျောစိုက်ခင်း ထပ်မံတိုးချဲ့စိုက်ပျိုးမှုမပြုဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

လာမယ့်ကာလအတွက်လည်း တစ်သျှူးငှက်ပျောစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအတွက် အခွန်ရ ရှိနေတဲ့ လုပ်ငန်းဖြစ်လို့ အစိုးရအဖွဲ့ ဌာနဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သည့် နည်းစနစ် (SOP) ရေးဆွဲ ကာ ခရိုင်/မြို့နယ်အဆင့်အထိ ကော်မတီတွေနဲ့ ထိန်းချုပ်သွားဖို့သာရှိပြီး လုံးဝပိတ်သိမ်းသွားဖို့ စိတ်ကူး မရှိဘူးလို့ လယ်/ဆည်ဝန်ကြီးက ရှင်းပြပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ အစိုးရအဖွဲ့ကကောက်ခံထားတဲ့စာရင်းအရ တစ်သျှူးငှက်ပျောစိုက်ဧကစုစုပေါင်း ခြောက်သောင်းကျော်ရှိတယ်လို့ ဖော်ပြထားပေမယ့် အမှန်တကယ် မြေပြင်မှာတော့ စိုက်ဧကစုစုပေါင်း တစ်သိန်းကျော်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပြီး တစ်သျှူးငှက်ပျောကားတစ်စီးအတွက် အခွန်ငွေက ငါးသိန်း ကျပ်အထိ ရတယ်လို့ ဆို့ပါတယ်။

#voiceofmyanmar #တစ်ရှူးငှက်ပျော #ကချင်ပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW