DMG က သတင်းထောက်တွေကို ဆောင်းပါးတစ်ပုဒ်နဲ့ အင်တာဗျူးတစ်ပုဒ်ကိစ္စ စစ်ဆေး

စစ်တွေ၊ မေ ၆-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့  Development Media Group(DMG) သတင်းဌာနကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၂) နဲ့ သတင်းတပ်ဖွဲ့ SB က တရားစွဲဆိုထားပါတယ်။

 

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်နှစ်ဦးကို မနေ့ကညနေပိုင်းကနေ စတင်ပြီးတော့ ရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲ့ဒီဌာနကဖော်ပြခဲ့တဲ့တောင်းပါးတစ်ပုဒ်နဲ့ ရုပ်သံအင်တာဗျူးတစ်ပုဒ်ကိစ္စတွေကို မေးမြန်းခံခဲ့ရတယ်လို့ သတင်းထောက်ချုပ် နေဝင်းစံကပြောပါတယ်။

 

“ကျွန်တော်တို့ကို ဘာကြောင့်ခေါ်စစ်နေတာလဲလို့မေးတော့။ ကျွန်တော်တို့သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို SB ကနေ တရားစွဲထားတယ်လို့ ရဲစခန်းကနေပြောပါတယ်။ သူတို့ဆီကိုတိုင်ကြားတဲ့စာမှာ ဦးအောင်မင်းဦးနဲ့ သက်ဆိုင်သူတွေကို ဆိုပြီးတော့ ပါတယ်လို့သိရတယ်ဗျ။ ကျွန်တော်ကိုတော့ ၂၀၁၈ ခုနှစ်ကဖြစ်ခဲ့တဲ့ မြောက်ဦးမြို့လူထုဆန္ဒပြပွဲကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ကိုရေးထားတဲ့ “မြောက်ဦးမြို့မှာ ကွယ်တဲ့လ”ဆောင်းပါးကိစ္စကိုစစ်တယ်။ ဘာကိစ္စနဲ့စွဲတယ်ဆိုတာတော့ မပြောဘူး။”လို့ နေဝင်းစံကပြောပါတယ်။

 

SB အနေနဲ့ DMG သတင်းဌာနကိုတရားစွဲဆိုဖို့ တိုင်ကြားတဲ့အခါမှာ အယ်ဒီတာချုပ်တစ်ဦးတည်းကိုမဟုတ်ဘဲ တခြားသူတွေကိုပါ တိုင်ကြားထားတာဖြစ်တဲ့အတွက် အခုလိုမျိုးစစ်ဆေးမှုတွေ ပြုလုပ်နေရတာလို့ စစ်တွေမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မြဦးကပြောပါတယ်။

 

“သတင်းတပ်ဖွဲ့က တရားလိုပြုပြီးတော့ တိုင်တန်းတာပေါ့နော်။ ပုဒ်မကတော့ မတရားအသင်း ၁၇(၂)နဲ့တိုင်ကြားတာပါ။ လောလောဆယ်မှာတော့ အမှုအခြေအနေက စစ်ဆေးဆဲပဲရှိပါသေးတယ်။”လို့ ရဲစခန်းမှူး ဒုရဲမှူး အောင်မြဦးကပြောပါတယ်။

 

DMG သတင်းဌာအနနဲ့ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သတင်းမှားတွေထုတ်လုပ်နေတာ မဟုတ်ဘဲ အခြေအနေမှန်တွေကို သက်သေအခိုင်အမာနဲ့ဖော်ပြနေတာဖြစ်ပြီး အခုလိုမျိုး စစ်ဆေးမှုတွေပြုလုပ်တဲ့အပေါ် မှာ နားမလည်နိုင်ကြောင်း သတင်းထောက် သက်နိုင်ကပြောပါတယ်။

 

“ကျွန်တော်ကိုတော့ သမီးလှကျေးရွာသားတွေကို ပစ်ခတ်တဲ့ကိစ္စမေးထားတဲ့ ရုပ်သံအင်တာဗျူးနဲ့ပတ်သက်လို့ မေးပါတယ်။ ဒီသတင်းကို ဘာရွယ်ချက်နဲ့လုပ်တာလဲ။ အဲ့ဒီရွာကိုဘာကြောင့်သွားသလဲ၊ ဘယ်သူတွေနဲ့သွားတာလဲ၊ ဘယ်သူတွေသိစေချင်လို့ ဒါကိုထုတ်ရတာလဲပေါ့။ ကျွန်တော်တို့ကတော့ အမှားလုပ်နေတာမဟုတ်ဘူး။ အချက်အလက်အခိုင်အမာရှိပါတယ်။”လို့ သတင်းထောက်သက်နိုင်ကပြောပါတယ်။

 

လက်ရှိမှာတော့ DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ်နဲ့ တာဝန်ရှိသူတွေဟာ ခရီးလွန်နေတဲ့အတွက် သတင်းထောက်တွေကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး နောက်ထပ်လည်း သက်ဆိုင်သူတွေကို ထပ်မံစစ်ဆေးမှုတွေပြုလုပ်သွားဖို့ရှိနေတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

 

#voiceofmyanmar #Development Media Group #DMG #၁၇(၂)

 

 

Related posts

Leave a Comment

VOM News

FREE
VIEW