စစ်ရှောင်တောင်သူတွေ နေရပ်မပြန်နိုင်ရင် လာမယ့်နှစ်မှာ ရခိုင်ပြည်နယ်အတွင်း ဆန်စပါးမလုံလောက်နိုင်

စစ်တွေ၊ မေ ၇-၂၀၁၉

ခိုင်လင်စံ (VOM)

 

 

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၃၈၀၀၀ ကျော်ထိရှိလာနေပြီဖြစ်ပါတယ်။

 

 

အဲ့ဒီစစ်ဘေးရှောင်တွေရဲ့ ရာခိုင်နှုန်းအများစုတို့ဟာ တောင်သူလယ်သမားတွေဖြစ်ကြပြီး အဲ့ဒီတောင်သူတွေအနေနဲ့ ထွန်တုံးချချိန်မတိုင်ခင် နေရပ်သို့မပြန်နိုင်ပါက လာမယ့်နှစ်မှာ ရခိုင်ပြည်နယ်ရဲ့ စပါးထွက်ရှိမှုကိုထိခိုက်မှာဖြစ်သလို ဆန်စပါးမလုံလောက်မှုတွေ ဖြစ်ပွားလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ပြောဆိုကြပါတယ်။

 

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲ့ဒီတောင်သူလယ်သမား တွေကို ကျန်တဲ့ပြည်သူတွေအားလုံးက မှီခိုပြီးတော့ နေရတာဖြစ်ပါတယ်။ တကယ်လို့များ ဒုက္ခသည်စခန်းကိုရောက်နေတဲ့ တောင်သူတွေဟာ နေရပ်ကိုမပြန်နိုင်ဘူးလို့ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ဆန်စပါးထုတ်လုပ်မှုဟာ ကျဆင်းသွား လိမ့်မယ်။ စားဝတ်နေရေးမဖုံလုံဖြစ်လာနိုင်တယ်။”လို့ မြောက်ဦးမဲဆန္ဒနယ်မြေအမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

 

 

ရခိုင်ပြည်နယ်ဟာ နှစ်စဉ်မိုးဥတုကိုစောစီးစွာဝင်ရောက်တဲ့ ဒေသတစ်ခုဖြစ်ပြီး မေးလအကုန်ပိုင်းမှာ နေရပ်သို့ပြန်နိုင်မှာ လယ်ထွန်ခြင်းလုပ်ငန်းတွေကို အချိန်မီလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

 

“ဒေသတွင်းတည်ငြိမ်အေးချမ်းပြီး  ဖွံ့ဖြိုးလာဖို့အတွက် အစိုးရကတာဝန်ယူပြီးတော့ မိမိတို့နေရာကို ပြန်လည်နေရာချ ထားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုသာနေရာမချထားနိုင်ဘူးဆိုရင် လာမယ့်နှစ်တွေမှာ စားဝတ်နေရေးအခက်အခဲတွေ ကြုံလာနိုင်တယ်။ ဒေသတွင်းမငြိမ်းချမ်းမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ အဲ့ဒါကို အစိုးရအနေနဲ့ အလေးထားစဉ်းစားရမှာ ဖြစ်ပါတယ်။”လို့ သူကပြောတယ်။

 

 

လက်ရှိမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ မိုးစပါးစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြတဲ့ဒေသတစ်ခုဖြစ်ပြီး တည်ငြိမ်မှုမရှိတဲ့အတွက် စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်ပါက တခြားကျေးရွာတွေမှာရှိတဲ့ တောင်သူတွေအနေနဲ့လည်း မိမိတို့ရဲ့လယ်ယာလုပ်ငန်းတွေကို စိုက်ပျိုးလုပ်ကိုင်ဖို့အတွက် အခက်အခဲတွေရှိလာနိုင်ကြောင်း တောင်သူတွေကပြောပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင်တောင်သူ

Related posts

Leave a Comment

VOM News

FREE
VIEW