မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက်စိုက်တယ်ဆိုပြီး ဖမ်းထားသူတွေကို  ရုံးထုတ်

ငါန်းဇွန် မေ – ၇ -၂၀၁၉

ရဲရင့်မင်းခန့်

 

 

မန္တလေးတိုင်း  ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ဥယျာဉ်အတွင်းမှာ  ပြည်ပကုမ္ပဏီတစ်ခုက စိုက်ပျိုးထားတဲ့ စိုက်ခင်းဟာ ဆေးခြောက်စိုက်ခင်းဆိုပြီး ဖမ်းထားသူ တွေကို ဒီကနေ့ ငါန်းဇွန်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ချုပ်ရက်ရမ္မာန်ထပ်ယူခဲ့ပါတယ်။

 

ဒီအမှုမှာ  ဖမ်းခံထားရတဲ့   3M ကုမ္ပဏီဘက်က  ဥပဒေ အကြံပေးအဖြစ်လိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်း ပြောပြတာက

 

” ဒီကိစ္စက ခိုးကြောင်ခိုးဝှက်နဲ့ စိုက်ပျိုးတာ မဟုတ်ပါဘူး။ အစိုးရရဲ့တရားဝင်ခွင်ပြုချက်အပြင် မြို့သာစက်မှုဇုံစီမံကိန်းရဲ့ သဘောတူ ခွင်ပြုချက်နဲ့ စမ်းသပ် စိုက်ပျိုးခဲ့တာပါ။ ဒါကို  လူမှုကွန်ယက် စာမျက်နှာကနေစပြီး ဖွလိုက်တဲ့အတွက် အခုလိုတွေ ဖြစ်ကုန်တာပါ။ နောက်ပြီးမှူးယစ်ဗဟိုဌာနနဲ့ ပြည်ထဲရေးအနေနဲ့ ဒီကိစ္စကို အသေအချာလေ့လာပြီးစမ်းသပ် စစ်ဆေးဖို့လိုတယ်။ ဒီလိုစိုက်ပျိုးမှုကို နိုင်ငံတကာ အားလုံးက လက်ခံပေမယ့် အခုလို ဖြစ်နေတဲ့အပေါ် မှာပြန်လည်စီစစ်ဖို့လိုပါတယ်’  လို့ ဆိုပါတယ်။  ဒီဖြစ်စဉ်မှာ အဖမ်းခံထားရတဲ့ မရွှန်းလဲ့မြတ်နိုးရဲ့ မိခင် ဒေါ်ရီရီဝင်း ကလည်း

 

 

” ကျွန်မ သမီးလေး က ဒီကုမ္ပဏီကိုဝင်တာလည်း ဘာမှ မကြာသေးပါဘူး။ ကျွန်မကိုယ်တိုင် အလုပ်လျှောက်ပေးခဲ့တာပါ။ နောက်ပြီးသူတို့ပြောနေတဲ့ ဓာတ်ခွဲမှူးဆိုတာလည်း မဟုတ်ပါဘူး။ ဒါသက်သက်မဲ့  ရဲတွေက စွပ်စွဲထားပြီး လုပ်နေတာပါ။ တစ်ကယ်တော့သမီးက အဲဒီကုမ္ပဏီမှာ တောက်တိုမယ်ရ လုပ်နေရတာပါ။ ဒီအတွက် ကျွန်မတို့အနေနဲ့ ကတော့ သမီးလေးကို အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်”လို့ တရားခွင်အပြီးမှာ ပြောခဲ့ပါတယ်။

 

 

ဆေးခြောက်ဆိုတဲ့  စိုက်ခင်းနဲ့ ပတ်သတ်တဲ့ 3M အာဟာရဆေးဝါးကုမ္ပဏီမှာ  အလုပ်သမား  ၂၅၀ ကျော်ရှိပြီး ဒီနေ့ တရားခွင့်မှာ အလုပ်သမား ၅၀ ကျော်လည်း လာပြီးဝန်းရံတာတွေ့ရပါတယ်။

 

 

3M  အာဟာရဆေးဝါးကုမ္ပဏီက ကိုရှိန်းလတ် (၃၇)နှစ်၊  မရွှန်းလဲ့မြတ်နိုး(၂၃)နှစ်၊အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ Mr. John Fredric Todoroki (၆၃)နှစ် တို့ သုံး ဦးကို ( ပ ) ၁ / ၂၀၁၉ မူး/စိတ် ပုဒ်မ ၁၆(က)၊ ၁၉(က)၊ ၂၀(က)- (ခ ) ၂၁  တို့နဲ့ အမှု ဖွင့် အရေးယူခဲ့ပြီးနောက်ရုံးချိန်ကို မေလ (၂၁ ) ရက်နေ့ ပြန်လည်ချိန်းဆိုပြီးတော့ မြင်းခြံခရိုင်တရားရုံးမှာ စစ်ဆေးမယ်လို့သိရပါတယ်။

 

 

မန္တလေးတိုင်း  ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်အတွင်း    3M ကုမ္ဗဏီက မြေဧက ၆၀ ကို တစ်နှစ်အခမဲ့ငှားရမ်းခဲ့ပြီး  ခုအမှုဖြစ်တဲ့ အပင်တွေကို မြေဧက ၂၀ ပေါ်မှာ  အပင်ပေါင်း သုံးသိန်းခွဲကျော်စိုက်ပျိုးခဲ့တယ်ဆိုပြီး အမေရိကန်နိုင်ငံသား ၂ဦးနဲ့  မြန်မာ ၂ဦးကို အမှုဖွင့်ဖမ်းဆီးခဲ့ပေမယ့် အမေရိကန်နိုင်ငံသား ၁ယောက်ကတော့ ခရီးလွန်နေလို့ လက်ရှိမှာ ၃ယောက်ကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။

 

#voiceofmyanmar #မြို့သာစက်မှုဥယျာဉ် #ဆေးခြောက်

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW