ကလေးမြို့ (မော်လိုက်ကလေး)အကျဉ်းထောင်တွင်း ဆူပူမှုဖြစ်

ကလေး မေ ၈ ၊၂၀၁၉

မိုင်ချယ်ရီ (VOM)

 

ကလေးမြို့ (မော်လိုက်ကလေးကျေးရွာ) အနီးမှာရှိတဲ့ ကလေးအကျဉ်းထောင်မှာ  အကျဉ်းချခံနေရသည့် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူအခွင့်အရေး ရရှိရေးအတွက် ဆိုပြီး ဆန္ဒထုတ်ဖော်တောင်ဆိုတဲ့  ထောင်တွင်းဆူပူမှု တစ်ခု မေလ ၈ ရက်နေ့ မနက်ပိုင်း က ဖြစ်ပွားခဲ့ပါတယ်။

 

 

မေလ ၇ ရက်နေ့က သမ္မတလွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းသားတွေ ကို လွှတ်ပေးခဲ့ရာမှာ တစ်ခြား အကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ ထောင်သားတွေ ထဲက သူတို့ထက် နှစ်ရှည် အကျဉ်းချခံနေရသူတွေ လွတ်မြောက်လာကြပေမယ့် ကလေးအကျဉ်းထောင် က အကျဉ်းသားတွေ ပါဝင်လာခြင်း မရှိတာကြောင့် ထောင်တွင်းဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

ဆန္ဒထုတ်ဖော်ရာမှာ လူ့အခွင့်အရေးကော်မရှင် ချက်ခြင်း ခေါ်ယူပေးရေး၊ အစိုးရ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခွင့် ရရှိရေး ၊မီဒီယာနဲ့တွေ့ခွင့်ပေးရေး နဲ့ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူအခွင့်အရေး ရရှိရေးဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

” ဒီတစ်သုတ်မှာ  ကလေးအကျဉ်းထောင် ကနေ တစ်ယောက်မှ မလွှတ်လို့ သူတို့ တောင်းဆိုကြတာ။လက်နက်ကိုင်အဖွဲ့တွေကလည်း တစ်ချို့လက်နက်ကိုင်အဖွဲ့တွေကြ လွှတ်တယ် သူတို့ကျတော့ မလွှတ်ဘူးပေါ့။တပ်မတော်အက်နဲ့ အရေးယူခံရသူတွေလည်း သူတို့မှာ ဘာခံစားခွင့်မှ မရကြဘူးဆိုပြီး တောင်းဆိုကြတာ” လို့ အထက်ချင်းတွင်း လူငယ်ကွန်ရက်က ကိုကျော်သက်ဝင်း ကပြောပါတယ်။

 

ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ဦးရေ နှစ်ထောင်ကျော် ရှိပြီး အကျဉ်းသားအားလုံးကနိုင်ငံတော် သီချင်း ကို  သီဆိုတာတွေလည်း လုပ်ခဲ့ကြပါတယ်။ ဆူပူခဲ့တဲ့ အကျဉ်းသားတွေနဲ့ ကလေးမြို့နယ်က ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံပြီး သူတို့တောင်းဆိုချက်တွေကို သမ္မတထံ တင်ပြပေးဖို့ ကတိပြုခဲ့တာကြောင့် ၁၁နာရီကျော် အချိန်မှာ ပြေလည်မှု ရရှိခဲ့ကြပါတယ်။

 

ဒီလိုအလားဆူဖြစ်ရပ်မျိုး ကရင်ပြည်နယ် ဘားအံထောင်မှာလည်း ဖြစ်ခဲ့တယ်လို့ ဖားအံကလာတဲ့ သတင်းတွေအရသိရပါတယ်။

 

#voiceofmyanmar  #ကလေး  #မော်လိုက်လေး #ထောင်ဆူ #ဖားအံ

Related posts

Leave a Comment

VOM News

FREE
VIEW