VIP စက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေရဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကူညီတောင်း

ရန်ကုန် ၊ မေ ၁၁-၂၀၁၉

သိင်္ဂီ (VOM)

 

 

ရွေပြည်သာမြို့နယ်မှာရှိတဲ့  VIP  စက်ရုံ အလုပ်သမားတွေက ၂၄ နာရီ သပိတ်စခန်းဖွင့်ပြီး သူတို့ရဲ့လုပ်သက်ကြေး ၊ ကျွမ်းကျင်မှုအခကြေးငွေ ၊ ဖယ်ရီကားခ အပါ အဝင် အလုပ်သမားဥပဒေအရ  ဘေးအန္တရာယ်ကင်းရှင်းရေးကိုပါ အလုပ်ရှင်ထံ တောင်းဆိုနေပါတယ်။

 

ဒါပေမယ့် ဒီနေ့အထိ အလုပ်ရှင်ဘက်က လုပ်ဆောင်ပေးခြင်းမရှိတာကြောင့် လွှတ်တော်ကိုယ်စားလှယ်နဲ့တွေ့ဆုံပြီး ဆွေးနွေးတင်ပြသွားမယ်လို့ VIP အလုပ်သမားအရေးကိုကူညီဆောင်ရွက်ပေးနေတဲ့ Action Labour Rights ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုစိုင်းယုမောင်ကပြောပါတယ်။

 

” အဖြေပေးရမယ့်ဟာကို မပေးဘဲ အချိန်ဆွဲနေတယ်၊ ဒီအတွက် အလုပ်သမား ၊အလုပ်ရှင် အခက်အခဲဖြစ်တယ်။ ခုလိုဆန္ဒပြတဲ့အဆင့်မရောက်ခင်လည်း  အရင် ညှိတာတင် လေး ငါးကြိမ်လောက်ရှိတယ် ။အဆင်မပြေလို့ နောက်ဆုံး ခုလို သပိတ်စခန်းဆန္ဒပြတဲ့အဆင့်ရောက်တာဖြစ်တယ်။ လူလျှော့တာတွေလည်းပါတယ် ။ တကယ်လို့ လူလျှော့မယ်ဆိုရင်လည်း လုပ်သက်နုတာကို လုပ်ပါလို့ အကြံပြုတာတွေရှိတယ်လက်မခံဘူး။ အခြေ ခံအလုပ်သမားသမဂ္ဂဖွဲ့တာကို လက်မခံတာ ။မြို့နယ်ရုံးမှာ ညှိတယ် ၊  အမှန်ဆို ဥပဒေမှာ အလုပ်ရှင်က ၃ ရက်အတွင်းပေးရမယ်၊ဒါပေမယ့် အလုပ်ရှင်ဘက်က ၁၅ ရက်မှအဖြေပေးမယ်ဆိုပြီပြောတယ်။ညှိတော့လည်း ဆုံးဖြတ်ခွင့်မရှိတဲ့ ကိုယ်စားလှယ်ကိုလွှတ်တယ်။ ဒါကြောင့် သူအဖြေပေးမယ့် ၁၅ ရက်ထိမစောင့်နိုင်ဘူး။ အင်းစိန် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ထံတင်ပြတောင်းဆိုမှာဖြစ်တယ် ” လို့  ကိုစိုင်းမောင်က ဆိုပါတယ်။

 

ဒါကြောင့်   VIP စက်ရုံ ၁ နဲ့ ၂ တို့ရဲ့ အလုပ်သမား ၆၀၀ လောက်က   မေလ ၇ ရက်နေ့ကတည်းက   သပိတ်စခန်းဖွင့်ပြီး  လုပ်သက်ကြေးအဖြစ် လုပ်သက်တစ်နှစ်ရှိသူအတွက် တစ်ယောက်ကို တစ်လ ၁၅၀၀၀ကျပ်နူန်း ၊ လုပ်သက် ၂ နှစ်ရှိသူကို တစ်လ ၂၀၀၀၀ နူန်း ၊ လုပ်သက် ၃ နှစ်ရှိသူကို တစ်လ ၃၅၀၀၀ နူန်း တောင်းဆိုထားတယ်လို့ သိရပါတယ်။

 

VIP စက်ရုံ ၂ က ရွှေပြည်သာမြို့နယ် မှာရှိပြီး VIP စက်ရုံ က တော့ အင်းစိန်မြို့နယ် ဝါးတရာမှာ ရှိတာဖြစ်တဲ့အတွက် သပိတ်စခန်းကလည်း နှစ်ခုဖြစ်ပါတယ်။ စက်ရုံ၂ က အလုပ်သမား ၂၀၀ ဝန်းကျင်ခန်ကတော့ မေလ ၇ ရက်နေ့ နေ့လည်ကနေ မေလ ၁၀ ရက်အထိ   ညနေ ၄ နာရီထိသာ  သပိတ်စခန်းဖွင့်ဆန္ဒပြတောင်းဆိုခဲ့ပြီး စက်ရုံ ၁ က အလုပ်သမား အားလုံးနီးပါး ၄၀၀ လောက်ကတော့ မေလ ၇ ရက်နေ့ကတည်းကဒီကနေ့အထိ  ၂၄ နာရီ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေဆဲဖြစ်တယ်လို့သိရပါတယ်။

 

ရွှေပြည်သာမြို့နယ်ရှိ VIP စက်ရုံ ၂ ရဲ့ အလုပ်သမားတွေက သပိတ်စခန်းဆန္ဒပြမှုကို  ဒီကနေနဲ့ မနက်ဖန် မှာ ရပ်နားပြီး  မေလ ၁၃ နေ့မှသပိတ်စခန်း ပြန်လည်ဖွင့်လှစ်မယ်လို့ ပြောပါတယ်။

 

အလုပ်သမားတွေအနေနဲ့ အချိန်ပိုမဆင်းရဘဲ ပုံမှန်အခြေခံ လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်နူန်း တစ်လအတွက်  ၁၄၄၀၀၀ ကျပ်သာရရှိမှု အဆင်မပြေတာကို ဖြေရှင်းပေးခြင်းမရှိတဲ့အပြင်  အလုပ်သမားတွေရဲ့ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့စည်းခြင်းကိုလည်း အလုပ်ရှင်ဘက်ကနေ လက်မခံဘဲ ခေါင်းဆောင်တွေကို နေရာရွှေ့ပြောင်းခြင်း ၊ အလုပ်ဖြုတ်ခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် ခုလိုသပိတ်စခန်းဖွင့်ဆန္ဒပြတောင်းဆိုခြင်းဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

 

VIP စက်ရုံက ဂေါက်ရိုက်တံ ၊တင်းနစ် ရိုက် ဘက်တံတွေ အပါအဝင် ဘရန်းကောင်းတဲ့ ပစ္စည်းတွေကိုထူတ်လုပ်တဲ့ အားကစားပစ္စည်းစက်ရုံဖြစ်ပြီး အမေရိကန် ၊ အင်္ဂလန် နဲ့ ဥရောပနိုင်ငံတွေကို ပို့ဆောင်နေတယ်လို့သိရပါတယ်။

 

 

VIP စက်ရုံဘက်ကတော့ သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို မေလ ၁၄ ရက်နေ့နောက်ဆုံးထားပြီး လူပ်ငန်းခွင်ပြန်ဝင်ဖို့အသိပေးထားကာ သတ်မှတ်ချိန် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်းမရှိပါက အလုပ်ကနေရပ်စဲမှာဖြစ်သလို ၊ စက်ရုံအတွင်း အလုပ်သမားတွေ ဆူပူဆန္ဒပြမှုဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ခြင်း ၊သွေးဆောင်ဖျားယောင်းခြင်း၊ဦးဆောင်စည်းရုံးတာတွေပြုလုပ်နေတဲ့ တခြားပြင်ပအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တွေကိုတရားဥပဒေနဲ့အညီတရားစွဲဆို အရေးယူသွားမယ်လို့ စက်ရုံဘက်က ထုတ်ပြန်ထားပါတယ်။

 

#voiceofmyanmar #VIP #သပိတ်စခန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW