မင်းတုန်းမြို့နယ်မှာလေပြင်းတိုက် မိုးကြိုးပစ် တဦးသေ

မင်းတုန်း မေ၁၃ ၂၀၁၉

ဂျန်ကိုးလ်

 

မကွေးတိုင်း သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကြို့ဝ ကျေးရွာမှာ မေလ၁၂ရက်နေ့ ညနေက လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်လို့ အသက်၄၅နှစ် အရွယ် အမျိုးသားတဦး သေဆုံးသွားတယ်လို့ မြောက်ပြင်ရဲကင်းစခန်းက ပြောပါတယ်။

 

“နွားကျောင်းနေတုန်း ရေသွင်းမြေပဲစိုက်တဲ့ ကန်ဇင်းခုံမှာ မှောက်ရက်လဲကျသွားတာ တွေ့လိုက်ရတယ်လို့ ကိုက်၂၀၀ အကွာလောက်က မြင်လိုက်တဲ့ နွားကျောင်းဖေါ်တွေက ပြောတယ်”လို့ ကြို့ဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ပြောပြပါတယ်။

 

မိုးကြိုးထိမှန်မှု့ကြောင့် ရင်ဘတ်စုတ်ပြဲ ဆံပင်မီးလောင်ပြီး ဦးခေါင်းပိုင်းမည်းသွားတယ်လို့ မျက်မြင်တွေ့ရတဲ့ ကျေးရွာသားတွေက ပြောပါတယ်။ သေဆုံးသူဟာ ကြို့ဝကျေးရွာနေ ဦးသန်းထွန်း အသက်၄၅နှစ် လို့သိရပါတယ်။

 

လေပြင်းတိုက်ခတ်မှု့ကြောင့် ပဲမြောက် ကျေးရွာ၊ စွန်သိုက်ကျေးရွာ၊ ရွာပုလဲကျေးရွာ ဒေါင်းသမားကြီးကျေးရွာတို့က အိမ်တချို့ အမိုးတွေလန်ပြီး လေနောက်ပါသွားပေမယ့် လူနဲ့တိရစ္ဆာန် အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

 

မိုးကြိုးထိမှန်သေဆုံးသူကို မင်းတုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေပြီး သေမှု့သေခင်း၎ -၂၀၁၉နဲ့ မင်းတုန်းမြို့မရဲစခန်းမှာ စစ်ဆေးဆောင်ရွက်နေတယ်လို့ မြောက်ပြင်ရဲကင်းစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

ပူပြင်းတဲ့ နွေရာသီကာလအတွင်း မိုးသက်လေပြင်း ကျရောက်မှုတွေ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နိုင်ပြီး မိုးကြိုးပစ်ခြင်းတွေပါ ဖြစ်နိုင်လို့ မိုးသက်လေပြင်းကျချိန်မှာ နေအိမ်တွင်းမှာပဲ နေဖို့၊ လွင်တီးခေါင်ကွင်းပြင်တွေမှာ နေတာတွေကို သတိပြု ရှောင်ရှားဖို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတင်းတွေ ထုတ်ပြန်ကြေငြာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW