ဗိုလ်ချုပ်ကြေးရုပ်ထု ပြောင်းရွေ့ ရေးညှိနှိုင်းမှု မအောင်မြင်

လွိုင်ကော်၊ မေ ၁၄၊ ၂၀၁၉

ထူးသာဦး

 

ကယားပြည်နယ်လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်းမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ပြောင်းရွေ့ ရေးကိစ္စ ညှိနှိုင်းအစည်းအဝေးကျင်းပရာမှာ မအောင်မြင်ဘဲ အစည်းအဝေး ပျက်သွားတယ်လို့ သိရပါတယ်။

 

အစည်းအဝေးကို ကယားပြည်နယ်အစိုးရရုံးမှာ ဒီကနေ့ ကျင်းပခဲ့တာဖြစ်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ နှင့် ကရင်နီလူငယ်အင်အားစု သပိတ်အဖွဲ့ တို့ က တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

 

အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုလ်က ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မပြေလည်တဲ့ အခြေအနေရှိနေကြောင်းနဲ့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတွေအတွက် ကြေးရုပ်ထုကို ဆက်လက်ထိန်းသိမ်းထားရှိရမှာ ဖြစ်တဲ့အတွက် လုံးဝမရွေ့ ပြောင်းပေးနိုင်ကြောင်း အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့် ခွန်းကြောင့် လူငယ်တွေအနေနဲ့  ဆက်လက်ဆွေးနွေးမည်ဆိုပါက အကျိုးထူးမှာမဟုတ်တဲ့အတွက် အစည်းအဝေးကို ရုပ်သိမ်းကြောင်းကြေငြာပြီး အစည်းဝေးခန်းမထဲက ထွက်ခွာခဲ့တယ်လို့ ကရင်နီလူငယ်အင်အားစု သပိတ်ကော်မတီဝင် ခွန်းသောမတ်က VOM ကိုပြောပါတယ်။

 

“ဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့် ခွန်းထဲမှာ ကြေးရုပ်ကို လုံးဝမပြောင်းပေးနိုင်ဘူးလို့ ပြောသွားတယ်၊ တကယ်တမ်းတော့ ကျနော်တို့ တွေ့ ဆုံတာက ကြေးရုပ်ကို ရွေ့ ဖို့ ညှိနှိုင်းကြမှာ၊ အခုသူက အဲ့လိုပြောလိုက်တော့ ကျနော်တို့ အနေနဲ့ ဆက်ဆွေးနွေးလဲဘာမှ မထူးဘူးလေ၊ အဲ့ဒါကြောင့် ကျနော်တို့ လဲ အစည်းဝေးကိုဖြတ်လိုက်တာပါ” လို့ ခွန်းသောမတ်စ်က ပြောပါတယ်။

 

အစည်းဝေးပျက်သွားပြီးနောက်  ကရင်နီအင်အားစုသပိတ်ကော်မတီမှ အချက် (၇) ချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပြီး ကြေညာချက်ထဲမှာတော့ ကယားပြည်နယ်အစိုးရအနေနဲ့  ပေးထားသည့်ကတိကို အကြိမ်ကြိမ်ချိုးဖောက်ခြင်း၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လျှစ်လျှူရှုခြင်း စသည့်အချက်များကြောင့် ဆက်လက်ညှိနှိုင်းရန် အခြေအနေမရှိတော့သလို သပိတ်ကော်မတီကိုလည်း အပြီးအပိုင်ဖျက်သိမ်းလိုက်ကြောင်း ကြေညာချက်မှာပါရှိသည်။

 

ကရင်နီလူငယ်အင်အားစုများအနေဖြင့် သပိတ်ကော်မတီနှင့် မည်သို့ မျှ မသက်ဆိုင်တော့ကြောင်းနှင့် ကြေးရုပ်ထုကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပြသနာတွေကို ပြည်နယ်အစိုးရကသာ တာဝန်ယူရမယ်လို့လည်း ဒီနေ့ မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကယားပြည်နယ်အစိုးရအဖွဲ့ နှင့်  ကရင်နီလူငယ်အင်အားစု သပိတ်အဖွဲ့ တို့ဟာ ဗိုလ်ချုပ်ကြေးရုပ်ထု ပြောင်းရွေ့ ရေးကိစ္စနဲ့ ပတ်သက်ပြီး မေလ (၇) ရက်နေ့မှာ လွိုင်ကော်မြို့ ရှိ ကိန္နရာဟိုတယ်မှာ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။

 

KNPP နှင့် NRPC တို့ က မနက်ခင်းတစ်ပိုင်းသာ ဆွေးနွေးခဲ့ကြပြီး ပြည်နယ်အစိုးရနှင့် ကရင်နီလူငယ်အင်အားစု သပိတ်ကော်မတီတို့ ဆက်လက်ဆွေးနွေးရာမှာ ကြေးရုပ်ရွေ့ ပြောင်းရေးကို သဘောတူညီခဲ့ကြပြီး (၈) ဦးပါ ကော်မတီကို ဖွဲ့ စည်းနိုင်ခဲ့ကြသည်။

 

ဒါပေမယ့် မေလ ၁၄ ရက်နေ့၊ ပြည်နယ်အစိုးရရုံးမှာ ကျင်းပတဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာတော့ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုလ်က ကြေးရုပ်ထုကို လုံးဝမပြောင်းရွေ့ နိုင်ကြောင်း ပြောခဲ့တာကြောင့် အစည်းအဝေးပျက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW