ဘူးသီးတောင်၊ မေ ၁၃-၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စပါးထားကျေးရွာသား ဦးမောင်စိန်ထွန်းဟာ ယနေ့ ညနေ ၅နာရီခွဲခန့်အချိန်တွင် ကျွဲအုပ်အား ရွာဘက်သို့ မောင်းလာစဉ် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒီပေါက်ကွဲမှုမှာ ကျေးရွာနားသို့အရောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ဒါမှမဟုတ် မိုင်းတစ်ခုခု ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။
“ဦးမောင်စိန်ထွန်းက အသက်ကြီးပါပြီ။ ၆၆ နှစ်ရှိနေပါပြီ။ သူ့ကျွဲတွေကို ရွာကိုမောင်းလာတဲ့အချိန်မှာ အဲ့ဒီကွင်းပြင်က ထပေါက်တယ်လို့ပြောတယ်။ ဒဏ်ရာတွေရသွားတာပေါ့။ အခုတော့ ဆေးရုံပို့ထားလိုက်ပြီ။”လို့ အဲ့ဒီရွာသားက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဦးမောင်စိန်ထွန်းမှာ ဘယ်ဘက် ခါးမှာတစ်နေရာ။ ခြေသလုံးမှာတစ်နေရာ။ ညာဘက်ပေါင်မှာတစ်နေရာ စုစုပေါင်းဒဏ်ရာ သုံးခုရရှိခဲ့ပြီး ခါးကဒဏ်ရာမှာ စိုးရိမ်ရတယ်လို့ သူကပြောပါတယ်။
“လူနာကတော့ လောလောဆယ် ဒီဆေးရုံမှာပဲရှိနေတယ်။ ခွဲစိပ်ကုသမှုတွေလုပ်ရမယ်။ စစ်တွေကို ပို့ဆောင်ဖို့အတွက်လုပ်နေတာ နောက်ကျသွားလို့ မနက်ပိုင်းမှပဲ ICRC ကလာယူမှာဖြစ်ပါတယ်။ ဒဏ်ရာက ကျောက်ကပ်နားမှာထိတယ်။ အနက်ဝင်နေတယ်။ ဒါကြောင့်ဆီးသွားရင် သွေးတွေပါနေတယ်။ အခုတော့ ဆေးကုသမှုတွေလုပ်နေပါတယ်။”လို့ စေတီတောင် တိုက်နယ်ဆရာဝန် ဒေါက်တာ စိုးမင်းအောင်က ပြောပါတယ်။
အဲ့ဒီစပါးထားရွာ အနီးဝန်းကျင်ဟာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခုဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အချိန်မှာ ကျန်နေတဲ့ မိုင်းသို့မဟုတ် လက်နက်ကြီးကျည်တွေ ပေါက်ကွဲမှုဖြစ်ပွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။