ဗိုလ်ချုပ်အောင်ဆန်း ပုံပါငွေစက္ကူ ၂၀၂၀ မှာ ထုတ်ဝေဖို့ စီစဉ်နေ

နေပြည်တော်၊မေ – ၁၇ – ၂၀၁၉

ဒီပ(နေပြည်တော်)

 

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူကို  ၂၀၂၀ ခုနှစ်  နှစ်ဆန်းပိုင်းလောက်မှာ ထုတ်ဝေနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပါတယ်။

 

“ဒီနှစ်ကုန်လောက်မှ ထွက်နိုင်ရင်လည်း ထွက်လိမ့်မယ်၊ ဒါမှမဟုတ် ဟိုဘက်နှစ်စလောက်မှာ ထွက်ဖို့ရှိပါတယ်။ အချိန်ကတော့ မှန်းဆရတာခက်ပါတယ်။ ဒီဇိုင်းပြန်ပြင်တာတို့၊ လုံခြုံရေးကိစ္စထပ်ထည့်တာတို့ အဲ့ဒီအပိုင်းတော့ ရှိပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စက ပြီးသွားမှာပါ၊ သေချာပေါက်လည်း ထုတ်ဝေမှာပါ။ အချိန်လည်းနီးကပ်လာပါပြီ။ ” လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ အစိုးရသစ်ရဲ့ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့မေးခွန်းအပေါ် ဦးစိုးသိန်းက ခုလိုပြောခဲ့တာပါ။

 

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရေး ၂၀၁၇ ခုနှစ်ဝင်ဘာလ ၁၇ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်ပြီး ထုတ်ဝေရေးအတွက် ကြိုတင်ပြင်မှုတွေ လုပ်နေခဲ့ကြတာပါ။

 

မြိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ရာ အဲဒီအဆိုကို ရှားတောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ထာက်ခံခဲ့ပါတယ်။

 

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်မင်းလှိုင်ကတော့ နိုင်ငံရဲ့ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့အတူ လူပုဂ္ဂိုလ်များစွာပေါ်ထွန်းလာသလို လွှတ်တော်မှာလည်း ငွေစက္ကူပုံနှိပ်ရန်ကိစ္စဟာ လူပုဂ္ဂိလ်ဆိုင်ရာနဲ့ပတ်သက်ပြီး မေးမြန်းတောင်းဆိုမှုများ ရှိနေတဲ့အတွက် စဉ်းစားချင့်ချိန်ပြီးမှ ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ(၂၈၆)၊ ကန့်ကွက်မဲ(၁၀၉)မဲနဲ့ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

 

#voiceofmyanmar # ဗိုလ်ချုပ်ပုံပါငွေစက္ကူ ၂၀၂၀မှာထုတ် #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW