မန်းမဟော်သဓါကျောင်း ထိပ်ပိုင်းကော်မတီဝင် ခုနစ်ဦး တရားစွဲခံရ

မန္တလေး ၊ မေ – ၁၇ – ၂၀၁၉

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာမှာ အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားတဲ့ မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ထိပ်ပိုင်းကော်မတီဝင် ခုနစ်ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

 

တရားစွဲဆိုခံရသူ ခုနစ်ဦးထဲမှာပါတဲ့ ကျောင်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ ဦးဇော်ဝိတ်က  “အထက်မြန်မာပြည် မြေနဲ့အခွန်တော်ဥပဒေပုဒ်မ ၆၉ (၂) အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းပေါ်မှာ လုပ်ကိုင်နေတဲ့သူတွေကို ဖယ်ရှားပေးဖို့ပြောတဲ့အခါမှာ မလိုက်နာရင်စွဲတဲ့ ပုဒ်မမျိုးဖြစ်တယ် ။ ကျနော်တို့မြေက အိုအေ လို့ခေါ်တဲ့ other မြေဖြစ်တယ်။ ဒီဟာကို ကျောင်းဆောက်ခွင့်တင်ရာမှာ ချမပေးဘဲ အခုလိုတရားစွဲတာဖြစ်တယ်။” လို့ ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရသူတွေကို တရားရုံးက တိုက်ရိုက်အကြောင်းကြားတာမဟုတ်ဘဲ ရုံးချိန်းကို လာမယ့် ၂၄ ရက်နေ့ကို ချိန်းဆိုထားတယ်လို့လည်း တရားရေးအသိုင်းအ၀ိုင်းက တစ်ဆင့်သိရကြောင်း ဦးဇော်ဝိတ်က ပြောပါတယ်။

 

အဲဒီ ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ထပ်အဆောက်အဦးတည်ဆောက်ဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဆီကို စာတင်ထားတာ ၁နှစ်ကျော်ကြာတဲ့အထိ ခွင့်ပြုချက်ကျမလာတဲ့အတွက် ဆောက်လုပ်ရာကနေ ခုလို တရားစွဲခံရတဲ့အထိ ဖြစ်လာတာပါ။

 

မန်းမဟော်သဓါအမျိုးသားကိုယ်ပိုင်အထက်တန်းကျောင်းကို ၀ါကင်းကုန်းဆရာတော် ဦတိက္ခအမှူးပြုပြီး အမျိုးသားရေးဆရာတော် ဦးဝီရသူက ဦးဆောင်ကာ အဖွဲ့ဝင် ၇၀ နီးပါးနဲ့ကျောင်းဖြစ်မြောက်အောင် ဆောင်ရွက်နေတာလို့သိရပါတယ်။

 

လက်ရှိ အဲဒီကျောင်းမှာ ၉ တန်းနဲ့ ၁၀ တန်းကျောင်းသား ၁၀၀ ဝန်းကျင်သင်ကြားနေပါတယ်။ နောက်ထပ်လည်း ကျောင်းသားဦးရေတိုးနေတာမို့ နေရာအခက်ခဲရှိလို့ အစိုးရရဲ့ခွင့်ပြုမိန့်ကို ဆက်စောင့်မှာမဟုတ်တော့ပဲ လုပ်စရာတွေကို ဆက်လုပ်သွားမယ်လို့ ဆရာတော်ဦးဝီရသူနဲ့ ကျောင်းဖြစ်မြောက်ရေးကော်မတီဝင်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောခဲ့ပါတယ်။

 

#voiceofmyanmar # မန်းမဟော်သဓါကျောင်းကော်မတီဝင်တွေကိုတရားစွဲ #ဦးဝီရသူ #ပုသိမ်ကြီး #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW