မြို့သာ ဆေးခြောက်စိုက်ခင်းနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများကို ပထမဆုံးအကြိမ်ရုံးထုတ်

မြင်းခြံ ၊ မေ – ၂၁ – ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း စိုက်ပျိုးထားတဲ့ ဆေးခြောက်စိုက်ခင်းဆိုတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဒီနေ့ ညနေပိုင်းက မြင်းခြံ  ခရိုင် တရားရုံးမှာ ပထမဆုံး အကြိမ် စတင် ရုံးထုတ်ခဲ့ပါတယ်။

 

“ဒီကိစ္စက မြို့သာစက်မှုဇုံ စီမံကိန်းရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ စမ်းသပ် စိုက်ပျိုးခဲ့တာပါ။ ဒါကို  လူမှုကွန်ယက်စာမျက်နှာကနေ စပြီး ဖွလိုက်တဲ့အတွက်အခုလိုတွေ ဖြစ်ကုန်တာပါ။ ဒီနေ့ ကတော့ မြင်းခြံခရိုင်တရားရုံးမှာပထမဆုံး အကြိမ်ရုံး ထုတ်ပြီး အမှုကိုစတင် စစ်ဆေးဖို့ဆောင်ရွက်တာပါ။” လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

 

မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်းမှာ ပြည်ပကုမ္ပဏီဖြစ်တဲ့ 3M  အာဟာရဆေးဝါးကုမ္ပဏီကနေ လျှော်၊ဂုန်လျှော် စိုက်ပျိုးဖို့ဆိုပြီး   ၂၀၁၈ခုနှစ် ဇူလိုင်လက တိုင်းအစိုးရထံ ခွင့်ပြုမိန့်တင်ခဲ့ရာ စမ်းသပ်စိုက်ပျိုးခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက် မြေဧက ၆၀ အနက် ဧက ၂၀ ကျော်မှာ အပင်ပေါင်း သုံးသိန်းခွဲကျော်စိုက်ပျိုးခဲ့တာလို့ သိရပါတယ်။

 

ဒီနှစ် ဧပြီလမှာတော့ ဆေးခြောက်စိုက်ခင်းဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးလာပြီးနောက် အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki  (၆၃) နှစ်၊ ကိုရှိန်းလတ် (၃၇)နှစ်နဲ့ မရွှန်းလဲ့မြတ်နိုး (၂၃) နှစ်တို့ ဖမ်းဆီးခံခဲ့ရပါတယ်။

 

သူတို့သုံးဦးကို ( ပ ) ၁ / ၂၀၁၉ မူး/စိတ်ပုဒ်မ ၁၆(က)( ခ )၊ ၁၉(က)၊ ၂၀(က)- (ခ ) တို့ ငါန်းဇွန်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။ ဒီကိစ္စမှာ ပါဝင်တဲ့ နောက်ထပ် အမေရိကန်နိုင်ငံသား Mr.Alexander  Skemp Todoroki ဆိုသူကို စုံစမ်းဆဲဖြစ်ကြောင်း သိရပါတယ်။

 

ဒါပေမယ့် ဒီစိုက်ခင်းဟာ Cannabis (ဆေးခြောက်)အနွယ်ဝင် Hemp(လျှော်ပင်)စိုက်ခင်းသာဖြစ်ပြီး တောင်သူအကျိုးဖြစ်ထွန်းလို့ ပြည်ပနိုင်ငံအချို့စိုက်ပျိုးလုပ်ကိုင်နေကြတာကြောင့်  ပြည်တွင်းမှာ လည်းတရားဝင်စိုက်ပျိုးလုပ်ကိုင်သင့်တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဝေဖန်ပြောဆိုနေကြပါတယ်။

 

လာမယ့်ရုံးချိန်းကို ဇွန်လ ( ၄ ) ရက်မှာ ချိန်းဆိုခဲ့ပြီး လက်ရှိဖမ်းဆီးထားသူတွေ အပါအ၀င်  ထွက်ပြေးတရားခံတွေ ရှိမရှိ စစ်ဆေးဖို့အတွက် စိုက်ခင်းအနီးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရဲကို  စစ်ဆေးမှာပါ တပေါင်းတည်းစစ်ဆေးသွားမယ်လို့  မြင်းခြံခရိုင်တရားရုံးမှ (ပြန် ကြားရေးအရာရှိ )ဒုတိယ တရားသူကြီး ဒေါ်တင်သန်းက ပြောပါတယ်။

 

#voiceofmyanmar #မြို့သာစက်မှုဥယျာဉ် #ဆေးခြောက် #ပထမရုံးချိန်း #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW