တပ်မတော်ရော ပြည်သူပါ အကျိုးရှိမယ့် မန္တလေးက ၃၈ လမ်း လမ်းသစ်ကြီး မကြာမှီဖွင့်လှစ်မည်

မန္တလေး၊ မေ ၂၂-၂၀၁၉

နေလင်း (VOM)

 

မန္တလေးမြို့  မဟာအောင်မြေမြို့နယ် မျက်ပါးရပ်မှာ ၇၃လမ်းနဲ့ ၇၈ လမ်းကို တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် လမ်းသစ်တခုကို မန္တလေးမြို့တော်ဝန် ဦးရဲလွင်လက်ထက်မှာ ဖေါက်လုပ်နိုင်ခဲ့ပြီး ဇွန်လ ၁၉  ရက်နေ့ မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖွင်လှစ်မယ်လို့  မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြောထားပါတယ်။

 

ဒီလမ်းဟာ တခြားလမ်းတွေနဲ့မတူပဲ တပ်မတော်ပိုင် ဧရိယာကိုဖြတ်ဖေါက်ရတာမို့ မြို့ခံတွေ စိတ်ဝင်စားမှု အထူးရှိခဲ့တဲ့ လမ်းဖြစ်ပါတယ်။ မဟာအောင်မြေမြို့နယ်ထဲမှာ  ၃၇ လမ်းကနေ သိပ္ဗံလမ်းထိ အရှေ့အနောက်ဖြတ်လမ်းက မရှိတာမို့ ဒီလမ်းဟာ မြို့ခံပြည်သူတွေအတွက် အတော်အသုံးဝင်တဲ့ လမ်းဖြစ်သလို တဖက်က တပ်မတော်အတွက် ဘာအကျိုးရှိမလဲဆိုတာတွေ မေးစရာဖြစ်လာပါတယ်။

 

ခု လမ်းကြီးလည်း ပြီးကာနီးလို့ ဖွင့်လုဆဲမှာ ၃၈ လမ်း လမ်းသစ်ကြီးဘေးရှိ တပ်မတော်စစ်မြေပြင်အင်ဂျင်နီယာတပ်က ဆောက်လုပ်နေတဲ့ အမျိုးအမည်မသိသေးတဲ့ အဆောက်အဦးအကြီးကြီး နေ့ချင်းညချင်းပေါ်လာခဲ့ပါတယ်။

 

နီးစပ်သူတွေအပြောအရတော့ တပ်မတော်ကဖွင့်လှစ်မယ့် နိုင်ငံတကာအဆင့်မီ ဆေးရုံအဆောက်အဦးဖြစ်တယ်လို့ဆိုကြပါတယ်။ ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဗီအိုအမ်က ကွင်းဆင်းပြီး မေးမြန်းကြည့်တော့ တာဝန်ကျ ဆောက်လုပ်ရေးဝန်ထမ်းအရာရှိက သူတို့ပြောပိုင်ခွင့်မရှိကြောင်းနဲ့ ဂျီအီးတပ်ကိုသာ သွားရောက်မေးမြန်းဖို့ဆိုပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးကြည့်ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်းမရှိသေးလို့  ဘာအတွက် ဆောက်နေတယ်ဆိုတာ မသိရသေးပါဘူး။

 

ဒီအဆောက်အဦးကြီးဟာ မြို့လယ် မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းမှာ ဆောက်လုပ်တဲ့ အဆောက်အဦးဖြစ်တာမို့  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ရင်မြင့်ကို ဗီအိုအမ်က ဆက်သွယ် မေးကြည့်တော့

 

UKYM- ကျနော်တို့က လမ်းနဲ့ပဲဆိုင်ပြီး အဲဒါတွေက တပ်မြေပေါ်မှာဆိုတော့ တပ်က ဆောက်တာတော့ ကျနော်တို့နဲ့ မဆိုင်ဘူးခင်ဗျ။

VOM- စည်ပင်သာယာမှာ ခွင့်ပြုမိန့်တင်တာတို့ ရှိလားခင်ဗျ။

UKYM- အဲဒါမျိုးတော့ ကျနော်တို့မသိရဘူးခင်ဗျ။

VOM- တပ်နဲ့ဆိုင်တာတွေက စည်ပင်မှာ ခွင့်ပြုချက်မယူရဘူးလားခင်ဗျ။

UKYM- အဲဒါမျိုးတော့မရှိပါဘူး။တပ်ကတော့သီးခြားဆောင်ရွက်နေတာဖြစ်ပါတယ်။ သူတို့ဧရိယာထဲမှာဆောက်နေတာပါ။

VOM- ကျနော်တို့သိထားတာ နိုင်ငံတကာအဆင့်မီ ဆေးရုံလို့သိရလို့ ဆရာတို့စည်ပင် တင်ရမှာဘဲလို့သိထားတော့ စည်ပင်ဥပဒေမှာ ဘယ်လိုရှိလဲ။

UKYM- တင်ဖို့လိုမယ်မထင်ဘူးခင်ဗျ။ ကျနော်တို့ စီမံခန့်ခွဲနိုင်တဲ့ ဧရိယာမှာမပါဘူးခင်ဗျ။

VOM- ဆရာတို့ ဒီလမ်းကြီး ဖေါက်ဖို့ လုပ်ဖြစ်တဲ့ အကြောင်းရင်းကရော ဘယ်လိုကနေ စဖြစ်လဲခင်ဗျ။

UKYM- ကျနော်တို့ မန္တလေးမှာ အရှေ့အနောက်လမ်းက နည်းတယ်၊ ၂၆ဘီလမ်းနဲ့ ၁၂ လမ်းကြားဆိုလည်း ကျုံးကြီးနဲ့ခံနေတယ်၊ ဒီဘက်မှာလည်း ၃၅ လမ်းပြီးရင် ၇၈လမ်းကနေ တက္ကသိုလ်ဘက်သွားမယ်ဆို ကွေ့ပတ်သွားရတော့ အချိန်ကုန်၊ ဆီကုန်ဖြစ်ရတယ်။  လမ်းတလမ်းပွင့်သွားလေလေ ယာဉ်ကြောပိတ်ဆို့မှုသက်သာသလို၊  လူတွေ့ကွေ့ပတ်မသွားရတော့ဘူးပေါ့ ။ ဒီလမ်းဖေါက်လိုက်ရင် လူတွေ အချိန်ကုန် ဆီကုန်သက်သာသွားမယ်ဆိုပြီး မျက်ပါးရပ်က တပ်ကို ဖြတ်ဖေါက်မယ်ဆိုပြီး လုပ်ဖြစ်ခဲ့ကြတာပါ။

VOM- ခု လမ်းကြီးက စစ်တပ်ပိုင်မှာ လုပ်ရတာဆိုတော့ ဆရာတို့ ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ ပြောပြပေးပါဦး။

UKYM- သိပ်ပြီးတော့ အခက်ခဲကြီးကြီးမားမားမရှိပါဘူး။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တင်ပြညှိနှိုင်းတော့ တိုင်းမှူးက အခြေအနေတွေ နားလည်လို့ သိပ်အခက်ခဲမရှိပဲ အဆင်ပြေခဲ့တာပါ။

VOM- ခု လမ်းကဖွင့်တော့မယ်ဆိုတော့ အားလုံး အဆင်သင့်ဖြစ်ပြီလားခင်ဗျ။

UKYM- သစ်ပင်တွေစိုက်ဖို့ပဲလိုတာပါ။ ရေမြောင်းတွေလည်း အဆင်ပြေနေပါပြီ ။ ပလက်ဖေါင်းတွေလည်း အတော်အဆင့်ရှိရှိလုပ်ထားပါတယ်။  သစ်ပင်စိုက်ဖို့ထိုင်းကနေ သစ်ပင်တွေမှာထားပါတယ်။ သင်္ဂဟဖေါင်ဒေးရှင်းကလှူတာပါ။ စိုက်ဖို့က အဆင်သင့်လျာထားပြီးသားမို့ သစ်ပင်ရောက်တာနဲ့ တန်းစိုက်လို့ရပါပြီ။  လမ်းမီးလည်းသွယ်ပြီးပြီး ပလက်ဖေါင်းလည်းအချောသတ်ပြီးရင် ဇွန် ၁၉  ရက်ဖွင့်နိုင်မှာပါ။”  လို့ ပြောသွားတာပါ။

 

ခုလို စစ်တပ်ဧရိယာကို ဖြတ်ဖေါက်လိုက်တဲ့ ၃၈ လမ်းကြောင့် လမ်းသွားလမ်းလာတွေ အဆင်ပြေသွားသလို တပ်မတော်အနေနဲ့လည်း မိန်းလမ်းမကြီးဘေး လမ်းဘေးဝဲယာဖြစ်သွားတဲ့အတွက်  အကွက်အကွင်းကောင်းတဲ့ နေရာတခုဖြစ်သွားတာမို့  ဆေးရုံပဲဆောက်ဆောက် ၊ ဈေးဝယ်စင်တာပဲဆောက်ဆောက်  အဆင်ပြေသွားပြီဖြစ်ပါတယ်။

 

#voiceofmyanmar # တပ်မတော်ရောပြည်သူပါ အကျိုးရှိမယ့်၃၈လမ်း #မကြာမီဖွင့်မယ် #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW