ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးခွင့်မရတဲ့ကိစ္စ ကုလမဟာမင်းကြီးကို CSO တွေတင်ပြ

စစ်တွေ၊ မေ – ၂၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi အဖွဲ့နဲ့ စစ်တွေမြို့အခြေစိုက် INGO/NGO တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဒီနေ့မနက်ပိုင်းက  တွေ့ဆုံခဲ့ကြပြီး ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးခွင့် မရတဲ့ကိစ္စတွေ တင်ပြခဲ့ကြပါတယ်။

 

“ကုလမဟာမင်းကြီးနဲ့ ကျွန်တော်တိ့ ဒီမနက်ပိုင်းက တွေ့ကြပါတယ်။ CSO တွေကတော့ သုံးလေးဖွဲ့လောက်ပဲ ရောက်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေပဲ များပါတယ်။ အဓိကဆွေးနွေးတာကတော့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအရေးကိစ္စကိုပဲ ဆွေးနွေးဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးခွင့် မရတဲ့ကိစ္စတွေကို ပြောဖြစ်ကြပါတယ်။”လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက ပြောပါတယ်။

 

ရခိုင်ပြည်နယ်ကို သုံးရက်အကြာ လေ့လာဖို့ရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိလာခဲ့ပြီးတော့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းတွေနဲ့ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်လေ့လာမှုတွေ ပြုလုပ်နေကြတာပါ။

 

မနေ့ကတော့ ဘူးသီးတောင်မြို့နယ်အတွင်းက ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း၊ ရွာမဘင်္ဂါလီကျေးရွာ၊ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ ဖားဝပ်ချေင်းတိုင်းရင်းသားကျေးရွာနဲ့ ပန်းတောပြင်ဘင်္ဂါလီကျေးရွာတွေကို သွားရောက်ခဲ့ပါတယ်။

 

“ဘင်္ဂါလီစခန်းရော၊ ရခိုင်စခန်းရော နှစ်ခုလုံးကို သွားခဲ့တယ်လို့ပြောပါတယ်။ ရခို်င်စခန်းတွေမှာ လိုအပ်ချက်တွေနဲ့ ဘင်္ဂါလီတွေ ပြန်ဝင်လာမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အကူအညီပေးရေးနဲ့ ပတ်သက်လို့ ပိတ်ဆို့တားဆီးမှုတွေ ပြုလုပ်ထားတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက်က တင်ပြချက်တွေကိုတော့ ဒီနေ့ အစိုးရအဖွဲ့နဲ့ တွေ့တဲ့အခါမှာ တိုက်တွန်းမှုတွေ လုပ်သွားမယ်လို့ပြောခဲ့ပါတယ်။”လို့ ဦးခိုင်ကောင်းစံကပြောပါတယ်။

 

အဲ့ဒီအဖွဲ့ဟာ ဒီကနေ့ မေလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဖြစ်တဲ့ စစ်တွေမြို့အခြေစိုက် INGO/NGO တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။

 

နေ့လည်ပိုင်းမှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံမှုတွေပြုလုပ်နေပြီး ညနေပိုင်းမှာ စစ်တွေမြို့နယ်အတွင်းက ဘင်္ဂါလီစခန်းတွေဖြစ်တဲ့ ဆေးသမားကြီးနဲ့ ခေါင်းဒုက္ကာစခန်းတွေကို သွာရောက်လေ့လာမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ဒုက္ခသည်တွေကို အကူအညီပေးခွင့်မရတဲ့ကိစ္စကုလမဟာမင်းကြီးကိုတင်ပြ #CSO #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW