အေအေလက်နက်ကိုင်အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ တံတားသံဘောင်များ အသစ်ဝယ်ယူ တပ်ဆင်မှုပြီးစီး

ပလက်ဝ၊ မေ -၂၂ -၂၀၁၉

မိုင်ချယ်ရီ (VOM)

 

အေအေလက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခဲ့တဲ့ ပလက်ဝတံတား သံဘောင်တွေ ပြန်လည် အသုံးပြုလို့ မရတော့တာကြောင့် အသစ်ထပ်မံ ၀ယ်ယူပြီးတပ်ဆင်ခဲ့ရာ ပြီးစီးခဲ့ပြီလို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။

 

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ကုလာတန်းမြစ်ကူးတံတား(ပလက်ဝ တံတား ) တည်ဆောက်ရာမှာ အသုံးပြုမယ့် တန်ချိန် ၃၀၀ နီးပါးရှိ  သံဘောင်တွေကို အေအေလက်နက်ကိုင်အဖွဲ့က မတ်လ ၁၆ ရက်မှာ မီးရှို့ ဖျက်ဆီးခဲ့တာပါ။

 

အဲဒီသံဘောင်တွေကို အရည်းအသွေး ပြန်လည်စစ်ဆေးရာမှာ အသုံးပြုလို့ မရတော့တဲ့အတွက် အာမခံ ကုမ္မဏီ IKBZ ထံကနေ ရရှိတဲ့ အာမခံကြေးနဲ့ ပြန်လည် ၀ယ်ယူတပ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

 

အသစ်ပြန်လည် တပ်ဆင်တဲ့ လုပ်ငန်းကို မနေ့က အပြီးလုပ်ဆောင်ခဲ့ပြီးဖြစ်လို့ တံတားစီမံကိန်းရဲ့ ၆၂ ရာခိုင်နှုန်းလောက် ပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ၀န်ကြီးက ဆိုပါတယ်။

 

“အတိအကျ အလွတ်မရေပေမယ့် ဒီတံတားစီမံကိန်းက အခန်းပေါင်း တစ်ဆယ်ကျော် ရှိတယ်ထင်တယ်။ အခု ဖျက်ဆီးခံလိုက်ရတာက အခန်းတစ်ခန်းစာ ဖြစ်တယ်။ အဲ့ဒီဟာကတော့ အခုပြန်သုံးလို့ မရတော့ဘူး။ အဲ့ဒီတော့ အသစ်ပြန်လုပ်မယ်ဆိုတာက နိုင်ငံခြား ကုမ္မဏီကနေပြီးတော့ ပြန်လုပ်ပေးတာဖြစ်ပြီး တပ်ဆင်ပြီး ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

 

ပလက်ဝတံတား စီမံကိန်းအတွက်  ငွေကျပ် ၂၇ ဘီလီယံ အသုံးပြုထားတာပါ။ ၂၀၁၆ ခုနှစ်ကတည်းက စတင် တည်ဆောက်နေခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် အတွင်းမှာ အားလုံးပြီးစီးဖို့ ပြည်နယ်အစိုးရအဖွဲ့က မျှော်မှန်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

 

ပလက်ဝမြို့နယ် မှာ တံတားစီမံကိန်းအပြင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကားလမ်းကိုလည်း အိန္ဒိယနိုင်ငံက တာဝန်ယူဖောက်လုပ်နေပေမယ့် အေအေလက်နက်ကိုင်အဖွဲ့ရဲ့ နှောင့်ယှက်တာတွေ ရှိနေတာကြောင့် တံတားစီမံကိန်းရော လမ်းစီမံကိန်းပါ နှောင့်နှေးမှုတွေရှိနေပြီး အချိန်မီမပြီးစီးမှာကို ဒေသခံတိုင်းရင်းသားတွေက စိုးရိမ်နေကြပါတယ်။

 

ပလက်ဝမြို့ဆိုတာက ချင်းပြည်နယ် တောင်ဖက် အစွန်ဆုံးမှာ တည်ရှိတဲ့ မြို့ဖြစ်ပြီးတော့ ပလက်ဝမြို့ကနေ အခြားမြို့တွေကို ဆက်သွယ်သွားလာနိုင်ဖို့ဆိုရင် လက်ရှိအချိန်မှာ ကုလာတန်မြစ်ကြောင်း ဖြစ်တဲ့ ရေလမ်းကြောင်း တစ်ခုတည်းသာ ဆက်သွယ်သွားလာစရာ ရှိနေတာ ဖြစ်ပါတယ်။

 

#voiceofmyanmar # မီးရှို့ဖျက်ဆီးခဲ့တဲ့တံတားသံဘောင်များ အသစ်ဝယ်ယူတပ်ဆင်မှုပြီးစီး #အေအေလက်နက်ကိုင်  #ချင်းပြည်နယ်#ပလက်ဝ

Related posts

Leave a Comment

VOM News

FREE
VIEW