မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးပြင်ဆင်နေမှု လုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီး

ရန်ကုန် ၊မေ – ၂၂ – ၂၀၁၉

သိင်္ဂီ (VOM)

 

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ပြင်ဆင်နေမှု လုပ်ငန်းပမာဏ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက  ပြောပါတယ်။

 

ဒီနေ့မနက်  ရန်ကုန်မြို့၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲရုံးမှာ ပြုလုပ်ခဲ့တဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာပြောခဲ့တာ ဖြစ်ပါတယ်။

 

” မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသက ပုံစံမျိုးစုံတဲ့ ယဉ်ကျေးမှုအထောက်အထားတွေနဲ့ ခိုင်မာတဲ့ ယဉ်ကျေးမှုအထောက်အထားတွေကို  ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ဆောင်ခဲ့တာကို ဒီနေ့တွေ့နိုင်တယ်။ ဒီလိုပြည့်စုံတဲ့ ဒေသတစ်ခုကို UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်ခံရနိုင်ဖို့  အချိန်မီတင်သွင်းနိုင်ရမှာဖြစ်တယ်။ ဒီလို အချိန်မီတင်သွင်းနိုင်ဖို့ကလည်း  ပညာရှင်တွေ၊ ဌာနဆိုင်ရာတွေ ဒေသခံပြည်သူတွေ လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့သာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။” လို့ ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောပါတယ်။

 

Nomination Dossier(Draft) အဆိုပြုစာ (မူကြမ်း) ကို လာမယ့်  စက်တင်ဘာလမှာ အပြီးရေးသားတင်ပြရမှာဖြစ်တာကြောင့် မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေး အစီအစဉ်တွေ ရေးဆွဲခြင်းနဲ့ အမွေအနှစ်ဒေသအတွင်း စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်အစီအစဉ်တွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေ ညှိနှိုင်းပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

မြောက်ဦးဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်ခံရဖို့အတွက် အခြေခံအနေနဲ့ ကမ္ဘာ့အဆင့်မီ စံတန်ဖိုးတွေ(Outstanding Universal Value) ဖြစ်တဲ့ ခိုင်မာမှု (Integrity)၊ စစ်မှန်မှု (Authenticity) စတဲ့ အချက်တွေနဲ့ ပြည့်မှုရှိတဲ့အပြင် ပုဂံယဉ်ဒေသနည်းတူ ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီတွေ ရှိသလိုရှေးဟောင်း မြို့ရိုး ၊ ကျုံး ၊ ခံတပ် စတဲ့ တခြား ရှေးဟောင်း အဆောက်အဦးတွေပါ တစုတစည်းတည်း ပေါင်းစပ် တည်ရှိနေတယ်လို့သိရပါတယ်။

 

#voiceofmyanmar # မြောက်ဦးဒေသUNESCOအတွက်လုပ်ငန်း၇၀ရာခိုင်နှုန်းကျော်ပြီးစီး  #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW