မူဆယ်မှာ ကျွဲ၊နွား ဈေးကွက် ကျဆင်းပြီး အရောင်းအဝယ် ငြိမ်သက်

မန္တလေး၊ မေ – ၂၃ – ၂၀၁၉

ရဲရင့် မင်းခန့် (VOM)

 

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ကျွဲ၊နွားတင်ပို့မှုလုပ်ငန်းတွေ အရင်နှစ်ထက် ဈေးကွက် ကျဆင်းပြီး အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ စစ်ကိုင်းတိုင်း ကျွဲ၊နွား မွေးမြူတင်ပို့ရောင်းချသူများအသင်း က သိရပါတယ်။

 

” ပြည်တွင်းကျွဲ၊နွားတင်မှုနဲ့ပတ်သက်ပြီး ဈေးကွက်အေးတယ်ဆိုတာက ပြီးခဲ့တဲ့ နှစ်ထက်စာရင် လက်ရှိ ပေါက်ဈေးက ကျွဲ၊နွား တစ်ကောင်ကို နှစ်သိန်းလောက် ကျသွားတယ်။ အဓိက ပြသနာက မူဆယ်ဘက်က ဈေးကွက်မကောင်းတော့  ဈေးကွက်က အေးသွားတယ်လို့ ပြောလို့ရတယ်။” လို့ စစ်ကိုင်းတိုင်း ကျွဲ၊နွား မွေးမြူတင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသောင်းခိုင်က ပြောပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးတစ်ခုဖြစ်တဲ့ မူဆယ်မှာ ကျွဲ၊ နွားတွေကို  ဝယ်ယူမယ့် တရုတ်ကုန်သည်တွေအနေနဲ့ အဖမ်းအဆီးတွေရှိနေတာကြောင့်  လာရောက်ဝယ်ယူခြင်းမရှိဘဲဖြစ်နေရာမှာ အခုဆို တစ်လကျော်ရှိပြီလို့ သိရပါတယ်။

 

လက်ရှိအချိန်ထိ မူဆယ်မှာ ကျွဲ၊ နွား ကောင်ရေ ၆၀၀၀ ခန့်ရှိနေပြီး ကုန်သည်အချို့မှာ အရှုံးခံ ရောင်းချနေရတာတွေကြောင့် ဈေးကွက် ကျဆင်းနေတာလို့ ကျွဲ၊ နွား လုပ်ကိုင်သူတွေက ဆိုပါတယ်။

 

ဒီလိုအခြေအနေတွေကြောင့် မြန်မာဘက်က ကျွဲ၊ နွားတင်ပို့သူတွေ အခက်အခဲဖြစ်နေတဲ့အတွက် နောက်ထပ် တရုတ်ပြည် ထွက်ပေါက်တစ်ခုဖြစ်တဲ့ ဗန်းမော်- လွယ်ဂျယ်လမ်းကနေ တင်ပို့နိုင်ဖို့ စစ်ကိုင်းတိုင်းနဲ့  မန္တလေးတိုင်းက ကျွဲ၊ နွားတင်ပို့ရောင်းချသူများအသင်းတွေ ပူးပေါင်းပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ တင်ပြထားတယ်လို့ သိရပါတယ်။

 

“အခုလက်ရှိက လွယ်ဂျယ်ဘက်မှာ မှောင်ခိုပဲရှိသေးတယ်။ တရားဝင်သွားဖို့ ခွင့်ပြုပေးစေချင်တာပါ။” လို့ ဦးသောင်းခိုင်က ပြောပါတယ်။

 

ပြည်တွင်းကနေ ပြည်ပကို တင်ပို့နေတဲ့ ကျွဲ၊ နွားမှာ တစ်ကောင်ကို အမြင့်၊အတောင် ( ၃ )သုံး  ကျော် ရှိပါက နွားတစ်ကောင်ကို  သိန်း ၂၀  ဝန်းကျင် ပေါက်ဈေးရှိပေမယ့် လက်ရှိမှာ  ၁၈ သိန်းခန့်သာရှိတယ်လို့ ဆိုကြပါတယ်။

 

#voiceofmyanmar #ကျွဲနွားဈေးကျအရောင်းအ၀ယ်အေး #မူဆယ် #တရုတ်#မြန်မာ #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW