မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ဝင်တွေ တရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲလုပ်

မန္တလေး၊ မေ – ၂၄ – ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ အပါအဝင် သုံးဦးကို မန္တလေးခရိုင်တရားရုံးမှာ တရားစွဲဆိုခံရတာနဲ့ ပတ်သက်ပြီး ဒီနေ့ မနက်ပိုင်းက ဘုရားကြီးအတွင်းမှာ တရားစွဲခံရသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်  ဘုရားကြီးဂေါပကအဖွဲ့က စီမံပိုင်ခွင့်ရှိ မြေဧရိယာပေါ်မှာရှိတဲ့ ပြည့်စုံ လ္ဘက်ရည်ဆိုင်ကို ငှားရမ်းမှုစာချုပ်ပါ အချက်အလက်တွေနဲ့ မညီဘဲ ဖယ်ရှားခိုင်းတာကြောင့်ဆိုပြီး ဆိုင်ရှင်က တရားမမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

 

ဒီနေ့ ရှင်းလင်းပွဲမှာ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က “တကယ်တော့ ဒီပြည့်စုံ လ္ဘက်ရည် ဆိုင်နေရာက ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကတည်းက စာချုပ်သက်တမ်းပြည့်ပြီးဖြစ်ပါတယ်။ ဒီအတွက်သူတို့ကို တလကြိုတင်အကြောင်းကြားရန် မလိုအပ်ပါဘူး။ ဒါကို မကျေနပ်လို့ သူက တရားစွဲတယ်လို့ ထင်တယ်။” လို့ ပြောပါတယ်။

 

အဲဒီလ္ဘက်ရည်ဆိုင်ကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က တင်ဒါဈေးပြိုင်ပေးမယ့်သူတွေရှိခဲ့ပေမယ့် မူလငှားရမ်းခဲ့သူကိုသာ  စာနာမှုနဲ့ ငှားရမ်းခွင့်ပြုခဲ့ရာက ဒီနှစ်မှာတော့ ဆိုင်ရှင်ကလည်းတင်ဒါဝင်မပြိုင်ခဲ့တဲ့အတွက် ဖယ်ရှားဖို့ ဖြစ်လာခဲ့တာပါ။

 

“သူတို့က ငှားရမ်းမှု စာချုပ်ပါ စည်းကမ်းများအရက ဒီနေရာကို ဌားရမ်းမှု ရပ်ဆိုင်းမည်ဆိုပါက တလကြိုတင် အသိပေးခြင်း မရှိခဲ့ပါဘူး။ အခြားဆိုင်ခန်းတွေ အများကြီးရှိတဲ့ထဲက ဒီဆိုင်နေရာတခုတည်းရွေးပြီး ဒီနှစ်မှ  တင်ဒါလုပ်တယ်ဆိုတာ မရိုးသားဘူးလို့ ထင်တဲ့အတွက် တရားစွဲလိုက်တာပါ။” လို့ တရားလိုဖြစ်သူ ပြည့်စုံ လ္ဘက်ရည်ဆိုင်ပိုင်ရှင်  ဦးစိုးလွင်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ၂၅ နှစ်တိုင်တိုင် စည်ကမ်းဖောက်ဖျက်မှု မရှိဘဲ အဲဒီမြေနေရာကို ငှားရမ်းနေထိုင်ခဲ့ရာက လက်ရှိမှာ အကြောင်းမဲ့သက်သက် ဖယ်ရှားလိုတာလို့ ယူဆတဲ့အတွက် မန္တလေးခရိုင် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။

 

ခုလို တရားစွဲဆိုခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားသူကြီး အဆုံးအဖြတ်ပေါ်မှာ မူတည်ပြီး အမှန်တရားအတိုင်း လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်သွားမယ်လို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က   ပြောဆိုကြပါတယ်။

 

မဟာမုနိဘုရားကြီးဂေါပအဖွဲ့မှ ဥက္ကဌ ဦးစိုးလင်း၊ အတွင်းရေးမှူး ဦးကျော်ကျော်ဦးနဲ့ အဖွဲ့ဝင် ဦးသန်းလွင်တို့ကို တရားမမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး  ခရိုင်တရားရုံးက ဇွန်လ ၄ ရက်မှာ ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ရှင်းလင်းပွဲလုပ် #တရားစွဲခံရ #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW