ခြောက်လကြာ အမှုဖွင့်ထားပေမယ့် တရားစွဲတင်မှုမရှိသေးတာ လွှတ်တော်ကိုယ်စားလှယ်အမေဖြစ်နေလို့လား မေးခွန်းထုတ်စရာဖြစ်

ပန်းတောင်းမြို့၊ မေ -၂၃ – ၂၀၁၉

ဂျန်ကိုးလ် (VOM)

 

ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမေဖြစ်သူက ရေနွေးပူလောင်းတာ ခံခဲ့ရသူဟာ ရဲစခန်းမှာအမှုဖွင့်ထားတာ ၆လလောက် ကြာပြီဖြစ်ပေမယ့် ခုချိန်ထိ တရားရုံးကိုအမှု မစွဲတင်သေးဘူးလို့ သိရပါတယ်။

 

ပဲခူးတိုင်းအနောက် ပြည်ခရိုင် ပန်းတောင်းမြို့မှာ ၂၀၁၈ နိုဝင်ဘာ၂၄ ရက်က လွှတ်တော် ကိုယ်စားလှယ်ရဲ့မိသားစုပိုင်တဲ့ ရွှေဆိုင်မှာ အပ်ထားတဲ့ရွှေလက်စွပ်ကို ရွှေအရည်မပြည့်လို့ ပြန်ပြင်ခိုင်းထားရာကနေ ချိန်းထားတဲ့ရက်မတိုင်မီတရက်မှာ သွားရွေးတဲ့အခါ အိမ်ရှင်ဖြစ်သူ ဒေါ်ညွန့်ညွန့်က ဒေါ်မိုးသူဇာကို ရေနွေးပူနဲ့ လောင်းချခဲ့တာလို့ သိရပါတယ်။

 

ရေနွေးပူနဲ့လောင်းသူဟာ ပန်းတောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ရဲ့အမေဖြစ်နေလို့ အမှုကြန့်ကြာနေရတာလို့ ကာယကံရှင် မိသားစုက သံသယဖြစ်နေပါတယ်။

 

အမှုကို ကိုင်တွယ်တဲ့နေတဲ့ အမှုစစ်အရာရှိ ဒုရဲအုပ်ပြည့်ဖြိုးဝင်းကတော့“ကျနော်တို့မှာလည်း အခြားအလုပ်ကိစ္စတွေ၊ တာဝန်တွေကြောင့် ကြန့်ကြာရခြင်းဖြစ်ပါတယ်။ ပြီးတော့ မမိုးသူဇာရဲ့ ရုပ်ဆင်းအင်္ဂါ မျက်နှာပျက်ယွင်းသွားခြင်း ရှိမရှိကိုလည်း အပြီးသတ် ဆေးစာထင်မြင်ချက်ကို ဥပဒေအကြံပြုချက်အရ ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

 

ရေနွေးပူကြောင့် ကိုယ်တခြမ်း အပူလောင်ကာ ဆေးရုံ ၂ လခန့် တက်ခဲ့ရတယ်လို့ ကာယကံရှင်က ပြောပါတယ်။

 

“ဆေးရုံလည်း ကိုယ့်ဟာကို တက်ကုခဲ့ရတာ။ ကုန်တာလည်း မနည်းတော့ဘူး။ ရှိတာလည်း ဘာမှမရှိတော့ဘူး။ တရားရုံးလည်း ခုထိမတင်သေးဘူး။”လို့ ဒေါ်မိုးသူဇာက ပြောပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေနွေးပူနဲ့အလောင်းခံရသူက နစ်နာကြေးပေးရင် အမှုပိတ်ပေးမယ်လို့  ညှိုနှိုင်းမှုရှိခဲ့ပေမယ့် သူတို့တောင်းတဲ့  နစ်နာကြေး ပမာဏကို မတတ်နိုင်တာကြောင့် အမှုကို ဆက်လက်ရင်ဆိုင်သွားမယ်လို့ စွပ်စွဲခံရသူ ဒေါ်ညွန့်ညွန့်က ပြောပါတယ်။

 

အမှုကို၂၀၁၈ နိုဝင်ဘာလ ၂၅ ရက်က ဒေါ်မိုးသူဇာကိုယ်တိုင် တရားလိုပြုကာ (ပ)၁၀၅/၂၀၁၈ ပုဒ်မ ၃၂၄ (အလိုလျောက်လက်နက်၊ ပူလောင်စေသောအရည်ဖြင့်တစ်ဖက်သား ဒဏ်ရာရစေမှု) အရအမှု ဖွင့်ထားပါတယ်။

 

အပြန်အလှန်အဖြစ် ဒေါ်ညွန့်ညွန့်ကလည်း တရားလိုပြုလုပ်ကာ (ပ)၁၀၆/၂၀၁၈ ပိုက်နက်ကျူးလွန်မှု ပုဒ်မ ၄၅၁/ နာကျင်စေမှုပုဒ်မ ၃၂၃ အရအမှုဖွင့်ထားတယ်လို့ ပန်းတောင်းမြို့မရဲစခန်းက သိရပါတယ်။

 

#voiceofmyanmar # ခြောက်လကြာအမှုဖွင့်ထားပေမယ့်တရားစွဲတင်မှုမရှိသေး # လွှတ်တော်ကိုယ်စားလှယ်အမေ #ပြည် #ပန်းတောင်း

Related posts

Leave a Comment

VOM News

FREE
VIEW