ပြည်တိုင်းရင်းဆေးရုံမှာ လူနာများလာတဲ့အတွက် ကုတင်မလုံလောက်

ပြည်၊ မေ-၂၅ – ၂၀၁၉

ဂျန်ကိုးလ် (VOM)

 

ပြည်မြို့မှာရှိတဲ့ တိုင်းရင်းဆေး ဆေးရုံမှာ အပူကြောင့်ဖြစ်တဲ့ရောဂါနဲ့ လာရောက်တဲ့ လူနာများလာတဲ့အတွက်  ဆေးရုံကုတင် မလုံလောက်မှုတွေ ဖြစ်နေတယ်လို့ အဲဒီဆေးရုံကနေ သိရပါတယ်။

 

“ဆေးရုံမှာက ကုတင်အစိတ်အပြင် အရံကုတင်လေးတွေရှိတယ်။ အဲ့ဒီကုတင်တွေနဲ့ထားရသလို အချို့နေရာမှာ အဆင်ပြေအောင် စီစဉ်ပေးပါတယ်။ နောက်ပိုင်း ခုတင် ငါးဆယ်ဖြစ်လာရင်တော့ လူနာတွေပိုပြီး အားကိုးအားထား ပြုနိုင်တာပေါ့။” လို့ အဲဒီဆေးရုံရဲ့ ဆေးရုံအုပ်ကြီး သမားတော် ဦးအောင်စိုးလွင်က ပြောပါတယ်။

 

အဲဒီဆေးရုံဟာ ကုတင် ၂၅ ယောက်ဆံ့ဖြစ်နေပေမယ့် လက်ရှိမှာ တနေ့ကို လူနာပေါင်း ၅၀ ကနေ ၁၀၀ အထိ လာရောက် ကုသမှုခံယူနေကြတာကြောင့် ကုတင်မလုံလောက်မှုတွေဖြစ်နေတာပါ။ ကနဦးက အဆောက်အဦးကို တိုးချဲ့ဆောက်လုပ်ဖို့ အထက်အဆင့်ဆင့်ကိုတင်ပြရန် စီစဉ်ခဲ့ပေမယ့် မြေဧက ကျဉ်းတာကြောင့် ကုတင်တွေကိုပဲ ထပ်ဖြည့်နေတယ်လို့ သိရပါတယ်။

 

“ တိုးချဲ့ဖို့ကျတော့ ဝန်ထမ်းအိမ်ယာနဲ့ ဘာနဲ့ မြေဧက ၄ ဧကလောက်လိုဦးမယ်။ ဒီမှာက အဲလောက်မြေနေရာမကျန်တော့ဘူး။ အထက်ဌာနလည်း မတင်ပြတော့ဘူး။  အခုက ရှိတဲ့ဝန်ထမ်းနဲ့ လူနာအင်အားမမျှတော့ ဆရာ၊ ဆရာမတွေပင်ပန်းတာပေါ့။”လို့ ဆိုပါတယ်။

 

အဲဒီ တိုင်းရင်းဆေး ဆေးရုံကြီးမှာ အရိုးကျီးပေါင်း၊ လေငန်း၊ လေဖြတ်၊ အဆစ်နာ၊ အာရုံကြောအားနည်းခြင်း၊ အကြောညပ်၊ နာတာရှည်ရောဂါ၊ အစာမကြေလေထိုးလေအောင့် စတဲ့ ရောဂါများကို အများဆုံး ကုသပေးနေရတယ်လို့ ဆေးမှတ်တမ်းများအရ သိရပါတယ်။

 

ဒါ့အပြင် ဆေးကြပ်ထုပ်ထိုးအကြောပြင်ကုသတာ၊ တုန်ခါစက်နဲ့ကုသတာ၊ ခါးအကြောဆွဲ ကုသတာ၊ အနီအောက်ရောင်ခြင်နဲ့ကုသတာ၊ ဆေးဖက်ဝင်အရွက်တွေနဲ့ ပေါင်းချွေးထုတ် ကုသတာ အစရှိတဲ့ တိုင်းရင်းဆေးပညာရပ်တွေနဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။

 

ပြည်တိုင်းရင်းဆေး ဆေးရုံကို ၂၀၀၀ ခုနှစ်က ၁၆ ခုတင်ဆံ့ ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ခဲ့ပါတယ်။ လက်ရှိဆရာ၊ ဆရာမ၊ ၀န်ထမ်း ၁၈ ဦးနဲ့ လည်ပတ်နေပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ အတွင်းလူနာ  ၅၂၉ ဦး၊ ပြင်ပလူနာ ၇၁၄၂ ဦး၊ ကွင်းဆင်းကုသ လူနာ ၄၉၀ ဦး၊ စုစုပေါင်း ၈၁၆၁ ဦးကို ကုသပေးနိုင်ခဲ့တယ်လို့ ဆေးမှတ်တမ်းစာရင်းတွေအရ သိရပါတယ်။

 

#voiceofmyanmar # ပြည်တိုင်းရင်းဆေးရုံမှာလူနာများလာ #ကုတင်မလုံလောက် #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW