သွေးထွက်သံယိုမှုတွေ ရပ်စဲပြီးတော့ အားလုံးစားပွဲပေါ်ရောက်နိုင်ဖို့ လိုလားကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံး ညီလာခံက တောင်းဆို

စစ်တွေ၊ မေ ၂၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်အမျိုးသမီးအစည်းအရုံးရဲ့ ပဉ္စမအကြိမ်မြောက် ညီလာခံကို မေလ ၂၆ ရက်က စတင်ပြီးတော့ မေလ ၂၈ ရက်အထိ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စစ်ကိုစစ်နဲ့မဖြေရှင်းဘဲ သွေးထွက်သံယိုမှုတွေကို ရပ်စဲပြီးတော့ အားလုံးစားပွဲပေါ်ရောက်လာဖို့ လိုလားကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံး (RWU) ရဲ့ ဥက္ကဌ စောမြရာဇာလင်းက အဲ့ဒီညီလာခံပထမနေ့မှာ တောင်းဆိုလိုက်ပါတယ်။

 

“ပြည်သူတရပ်လုံးရဲ့ စစ်ကိုစစ်နဲ့ဖြေရှင်းတယ်ဆိုတဲ့ အတွေးအခ်ါကနေ နိုင်ငံရေးယဉ်ကျေးမှုသစ်တွေနဲ့ ဘယ်လို တက်လှမ်းနိုင်မလဲဆိုတဲ့ စဉ်းစားချက်တွေကို ဒီညီလာခံမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ တိုင်းပြည်အေးချမ်းတာကို မြင်ချင်တယ်။ သွေးထွက်သံယိုမှုတွေ ရပ်စဲပြီးတော့မှ အားလုံးအဖွဲ့ဝင်များ စားပွဲပေါ်ရောက်ရေးကို ကျမတို့ လိုလားပါတယ်။”လို့ စောမြရာဇာလင်းက ပြောပါတယ်။

 

အဲ့ဒီညီလာခံကနေ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေ၊ ဒေသတွင်း မငြိမ်မသက်မှုတွေ၊ အမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

 

“ဘယ်သူ့မှ မချန်ဘဲနဲ့ စားပွဲခုံပေါ်မှာ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာက အဓိကဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျမတို့ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် ကျမတို့ မြို့နယ်အသီးသီးကနေပြီးတော့ ဘယ်လိုပါဝင်ပူးပေါင်းမလဲ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်သွယ်မလဲဆိုတာကိုလည်း ဒီညီလာခံမှာ ကျမတို့ စဉ်းစားသွားမှာဖြစ်ပါတယ်။”လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် စစ်ရေးပြဿနာတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာရောက်ရှိနေတဲ့ ကလေးငယ်တွေ၊ အရွယ်ရောက်နေတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးမွေးဖွားပြီးစ အမျိုးသမီးတွေအတွက် စိုးရိမ်ပူပန်မိကြောင်းကိုလည်း ပြောပါတယ်။

 

#voiceofmyanmar # သွေးထွက်သံယိုမှုရပ်ဖို့ရခိုင်အမျိုးသမီးအစည်းအရုံးတောင်းဆို #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW