နိုင်သူရေးသမိုင်း ၊ ကွန်ဖြူးရှပ်နဲ့ မွန် ၂၆၂ နှစ်

စိုင်းထွန်းအောင်လွင်

 

(က) ကွန်ဖြူးရှပ် အဆုံးအမထဲက သာတူညီမျှ အကွာအဝေး

ကွန်ဖြူးရှပ်ရဲ့ အဆုံးအမတွေထဲမှာ လူတိုင်းကို သာတူညီမျှ ကြောင်းကျိုးညီညွတ်စွာနဲ့ လေးစားမှု ရှိရမယ်။ လိမ္မာတဲ့ အကွာအဝေးတခုမှ လွတ်လွတ်လပ်လပ်နေစေ ထားရှိစေပြီး လူအချင်းချင်း ကျန်းခမ်းသာ မာပါစ လွတ်လပ်ပေါ့ပါးစွာ အသက်ရှူသွင်း၊ ရှူထုတ်နိုင်အောင် နေရာချန်ထားပေးရမယ်လို့ လမ်းညွှန်ချက် တရပ် ပါရှိပါတယ်။

 

ဒီစာပိုဒ်ရဲ့ အဓိက ရည်ရွယ်မှုဟာ မိမိနဲ့ နီးစပ်သူတွေ၊ မိတ်ဆွေတွေအပေါ် ဘယ်လို ဆက်ဆံသင့်သလဲဆိုတဲ့ ကိစ္စရပ်အပေါ် ရည်ညွှန်းခဲ့တာပါ။ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ဆက်ဆံရာမှာ မည်မျှပင် ရင်းနှီးသည်ဖြစ်စေ စည်းတခုနဲ့ သူတို့ရပ်တည်ခွင့်၊ သူတို့ရဲ့ ကိုယ့်ဘာသာကိုယ်ရပ်နိုင်တဲ့ စွမ်းအားအပေါ် အသိအမှတ်ပြုပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံကြဖို့က အရေးကြီးတဲ့ အကြောင်းအရာပါ။

 

ဒီနေ့ ခေတ်လူတွေရဲ့ အပြန်အလှန်ဆက်ဆံရေးမှာ အရေးကြီးတာက မိတ်ဆွေ၊ အပေါင်းအသင်း အချစ်ဆုံးသူတွေအပေါ် အချစ်လို့ အမည်တပ်ပြီး အလိုရမ္မက်ကြီးကြီး အတင်းအကျပ်နဲ့ ပြုမူမှုတွေပါပဲ။ အရင်းနှီးဆုံး လူတွေနဲ့ မိသားစုဝင်တွေကြားမှာတောင် ဒါမျိုး လုပ်ကြတဲ့အတွက် အရင်းအနှီးဆုံးလူတွေအကြားမှာ တင်းမာမှုဖြစ်လာတာ မခေါ်ချင်၊ မပြောချင်လောက်အောင် ဖြစ်သွားတာတွေက မကြာခဏ မြင်တွေ့နေရတာပါ။

 

ဥပမာ သားကို မေမေ ဒီလောက်အလှပျက်ခံမွေးခဲ့တာ ၊ စွန့်လွှတ်အနစ်နာခံခဲ့တာ ၊ ဘာလို့ မကြိုးစားချင်ရတာလဲ၊ ဘာလို့ အမေ့စကား နားမထောင်ရတာလဲ  ဆိုတဲ့ကိစ္စက အစ မင်းကိုချစ်လို့ ငါဘယ်လောက်စွန့်ခဲ့ရသလဲ၊ ဒီအိမ်ထောင်အတွက်မို့သာ ဆိုတဲ့  လင်မယား၊ ချစ်သူအကြား ကိစ္စတွေအထိပါ။

 

အချစ်ဆိုတာထက် အချစ်ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်ရာပုံသွင်းဖို့ ကြိုးစားမှုလို့ပဲ ဆိုရလေမလားပဲ။ မိတ်ဆွေနဲ့ပဲဖြစ်ဖြစ် အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် ဆက်ဆံရာမှာ အတိုင်းအဆ တခုအထိပဲ ရှိကြဖို့နဲ့ ရင်းနှီးမှုနဲ့ ကွေကွင်းမှုရဲ့ ကြားမှာ သတ်မှတ်ရမယ့် စည်းနေရာတွေ သိရှိနိုင်ကြဖို့ ကွန်ဖြူးရှပ်က သတိပေးထားပါတယ်။

 

တရုတ်ရဲ့ အစဉ်အလာ အယူအဆအရ မိဘအသားပေး အစိုးရ အုပ်ချုပ်မှုကို လက်ကိုင်ထားပေမယ့်လည်း မိဘရင်ခွင်ထဲက ကလေးဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီး ရင်ခွင်ထဲက မြန်နိုင်သမျှ ထွက်ခွာစေဖို့ဆိုတဲ့ အယူအဆလည်း ကွန်ဖြူးရှပ်အဆုံးအမထဲမှာ  တွေ့ရပါတယ်။

 

အဖေနဲ့ သားအကြား၊ မိသားစုဝင်တွေအကြား၊ လင်မယားအကြားမှာပဲဖြစ်ဖြစ် အပြန်အလှန်လေးစားသမှုနဲ့ ထားရမယ့် အကွာအဝေးကို ချိုးဖောက်ပြီး စည်းကျော်လိုက်ပြီဆိုတာနဲ့ ကွန်ဖြူးရှပ် ကျမ်းစာထဲက “အခြေအမြစ်မဲ့တဲ့ အမှုကို ပြုဖန်များတဲ့”  အဆင့်ကို ရောက်သွားပြီ ဖြစ်တယ်။

 

အတွေ့အကြုံကြွယ်သည့်တိုင် မိတ်ဆွေ၊ မိသားစု ဆက်ဆံရေးမှာ အပြန်အလှန်လေးစားမှု မပျက်စေဖို့အတွက် “ချောက်ကမ်းပါးစွန်း ဆိုက်သည့် ပမာ၊ ရေခဲလွှာထက် လျှောက်သည့် ပမာ ပြုမှုခြင်း (ကထာကျမ်း ၈.၃)” ဆိုပြီး သတိကြီးကြီးထားဖို့ ကွန်ဖြူးရှပ်က ပြောဆိုခဲ့ပါတယ်။

 

တခါတုန်းက အလွန်စိတ်ကြီး ဒေါသထွက်လွယ်တဲ့ လူငယ်တဦးရှိတယ်။ ခေါင်းကလည်းမာ ၀ုန်းဒိုင်းကျဲမယ်၊ အနိုင်ကျင့် ရန်ဖြစ်မယ်ဆိုတာချည်းပါပဲ။ တချို့ကိစ္စတွေက သူညှစ်ချင်လို့ ဒေါသကြီးဆိုးညှစ်တာလည်း ရှိသလို သူချစ်တဲ့၊ ခင်တဲ့ လူတွေနဲ့ဆိုရင်လည်း သူလိုတာ မရ သို့မဟုတ် စိတ်တိုင်းမကျရင် ဒေါသကြီး ပေါက်ကွဲ ရမ်းကားတော့တာပါပဲ။

 

တနေ့တော့ သူ့အဖေက သူ့ကို ခြံနောက်က ၀င်းထရံနား ခေါ်ပြီးသွားပြီး “ငါ့သား မင်းအိမ်မှာ တကြိမ် ဒေါသထွက်တိုင်း ဒီဝင်းထရံမှာ သံတချောင်း ရိုက်ရမယ်ကွယ့်၊ ဒါမှ ငါ့သားဘယ်နှစ်ကြိမ် ဒေါသ ထွက်ခဲ့မှန်းသိမှာ” လို့ တိုက်တွန်းပါတယ်။ ကောင်လေးကလည်း ဒါလောက်တော့ အပျော့ပေါ့၊ ဘာခက်တာမှတ်လို့ ဆိုပြီး ဆုံးဖြတ်ချက်ချကာ ရိုက်ကြည့်တာပေါ့လို့ ကတိပေးလိုက်တယ်။ နေ့တိုင်း၊ ဒေါပွတိုင်း သံတချောင်းတချောင်းရိုက်လိုက်ရင်းကနေ ရက် သိပ်မကြာခင်မှာပဲ အလိုလေး သံတွေ များလှချည်လားဆိုပြီး သူ့ကိုယ်သူ နည်းနည်း တုန်လှုပ် သတိပြုမိသွားတယ်။

 

သူ့အဖေကတော့ “ငါ့သား ကိုယ့်စိတ်ကို ထိန်းရတော့မယ်တွေ့လား၊ တရက်လောက် ဒေါသမထွက်ပဲနေရင် သံတွေတချောင်းဆီ ပြန်နှုတ်ခွင့်ရမယ် ဆိုတယ်။ ဒီလိုနဲ့ မလွယ်မှန်း ကောင်လေးက သိပေမယ့် ကြိုးစားကြည့်ရှာတယ်။ အစပိုင်းမှာ ကောင်လေးက အခက်တွေ့ပေမယ့် နောက်ပိုင်းတော့ အဆင်ပြေလာတော့ ပြန်နှုတ်ရင်း နှုတ်ရင်းနဲ့ သံတွေအားလုံး ပြန်နှုတ်နိုင်တဲ့အဆင့်ရောက်သွားတယ်။ သံတွေကုန်သွားတဲ့ တနေ့မှာ သူ့အဖေကို ပြတယ် သံတွေ မရှိတော့ဘူးဆိုပြီး ၀မ်းသာအားရနဲ့ပေါ့။

 

သူ့အဖေက သံမရှိတော့တဲ့ ၀င်းထရံနားက သံရိုက်ထားတဲ့ အရာတွေကို ကြည့်ပြီး “ကြည့်ပါဦး ငါ့သားရယ် သံချောင်းတွေကိုတော့ ပြန်နှုတ်လိုက်ပါပြီ။ ဒါပေမယ့် သံရိုက်ထားတဲ့ အပေါက်တွေကတော့ တသက်လုံးကျန်ခဲ့ပြီ။ ငါ့သား အိမ်ကလူတွေ၊ ငါ့သားရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ဒေါသထွက်တိုင်း သူတို့နှလုံးသားကို သံရိုက်ခံရသလို ဒဏ်ရာဖြစ်စေတယ်ကွဲ့၊ သံချောင်းပြန်နှုတ်နိုင်သလို ငါ့သားပြန်တောင်းပန်နိုင်ပေမယ့် အဲဒီဒဏ်ရာ အမာရွတ်တွေကိုတော့ ပျောက်သွားအောင် မတတ်နိုင်ဘူးပေါ့ကွယ်။” လို့ ပြောတယ်။

 

ကွန်ဖြူးရှပ်ကတော့ စကားဆိုသော် အမှားနည်းစေပြီး အလုပ်လုပ်ဆောင်သော် နောင်တ နည်းစေလို့ ဆိုခဲ့လေရဲ့။

 

(ခ) အစဉ်အဆက် ဘ၀တူလို့ သတ်မှတ်ခဲ့တယ်…. သို့သော်

လွန်ခဲ့တဲ့ စစ်အစိုးရ လက်ထက်တလျှောက် တိုင်းရင်းသား အခွင့်အရေးအတွက် ရုန်းကန်ခဲ့ရတဲ့ တိုင်းရင်းသားအင်အားစုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘ၀တူခေါင်းဆောင် တဦးအနေနဲ့ သတ်မှတ်ခဲ့ကြသလို မျှော်လည်းမျှော်လင့်ခဲ့ကြပါတယ်။

 

သို့သော် အခုလက်ရှိ အခြေအနေမှာ အဲလို သတ်မှတ်သေးသလားလို့ မေးလာရင်တော့ မသေချာ၊ မရေရာတဲ့ အခြေအနေပါ။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ဆိုတဲ့ လူထု Legitimate အရတော့ ကိုယ်စားပြုမှုနှုန်း အမြင့်ဆုံးဖြစ်နေဆဲ ဖြစ်ပေမယ့် နောက်ရွေးကောက်ပွဲ တကြိမ် တိုင်းရင်းသားဒေသတွေမှာ အန်အယ်လ်ဒီအနေနဲ့ ၂၀၁၅ လို အောင်ပွဲခံမလား ဆိုတာကလည်း ခန့်မှန်းရ ခက်ခဲတဲ့အခြေအနေပါ။

 

အထက်မှာ ဖော်ပြခဲ့တဲ့ ကွန်ဖြူးရှပ် အဆုံးအမတွေနဲ့ ပြန်ယှဉ်ကြည့်ရင် မိတ်ဆွေ၊ မောင်နှမ ရင်းချာတွေကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ စေတနာကောင်းနဲ့ဖြစ်စေ၊ အတင်းအကျပ် မိမိလိုလားသလို ပုံဖော်ဖို့ ကြိုးစားမှုနဲ့ ဒီလိုတိုင်းရင်းသားအချို့နဲ့ ဆက်ဆံရေးအေးခဲမှုဟာ သက်ဆိုင်မလား စဉ်းစားစရာ ဖြစ်စေပါတယ်။

 

ဥပမာ- ချောင်းဆုံ ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စနဲ့ အန်အယ်လ်ဒီ ၂၀၁၅ မှာ နိုင်ခဲ့တဲ့ ချောင်းဆုံ မဲဆန္ဒနယ်မှာ ၂၀၁၇ ကြားဖြတ်လုပ်တော့ အန်အယ်လ်ဒီ ရှုံးသွားတာမျိုးပါ။ နောက် ဥပမာကောင်းက အန်အယ်လ်ဒီ ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုင်းရင်းသားအင်အားစုတွေဘက်က အယုံအကြည်မဲ့ဟန် မကြာခဏ ပြောဆိုမှုတွေ ထွက်လာနေမှုလိုကိစ္စတွေပါ။

 

( ဂ) သမိုင်းတွေကို နိုင်သူရေးတယ်ဆိုပေမယ့်

၂၀၁၅ ခုနှစ်နောက်ပိုင်း မွန်ဒေသနဲ့ ပတ်သက်ရင် ထင်သာမြင်သာဖြစ်စေခဲ့တဲ့ အကြောင်းအရာ ၃ ရပ်ထက်မနည်း ရှိနေနိုင်တယ်လို့ ခန့်မှန်းပါရစေ။

 

ဥပမာ – အစိုးရတက်စက ဒေသခံတိုင်းရင်းသားတွေ နိုင်ငံသားမှတ်ပုံတင်ကိစ္စ အရင်မလုပ်ပဲ မွန်ဒေသမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို အိမ်ထောင်စု ဇယားအရင်လုပ်ပေးတဲ့အပေါ် အရပ်ဘက်အဖွဲ့အချို့နဲ့ ပါတီတွေက ကန့်ကွက်မှု၊ ချောင်းဆုံတံတားကို ကန့်ကွက်မှု ရှိနေတဲ့ကြားက ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးစေတာ ၊ ဒေသခံတွေ ကန့်ကွက်နေတဲ့ သူတို့အတွက် ထိခိုက်စေတဲ့ အငြင်းပွားစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရရဲ့ သောင်မတင်ရေမကျ ရပ်တည်မှုတွေ အဆိုးဆုံးကိစ္စကတော့ ဗိုလ်ချုပ်အောင်ဆန်း တံတားကိစ္စ ဖြစ်မယ်လို့ ထင်ပါတယ်။

 

မော်လမြိုင်ရောက်နေတုန်း မေ ၂၆ ညနေပိုင်းက ခဏ အချိန်ရတာနဲ့ ဘုရားဖူးဖို့ ရည်ရွယ်ရင်း ကျိုက်သလ္လံဘုရားဘက်ကို တက်ခဲ့တယ်။ အနောက်ဘက်မုခ် ဓါတ်လှေကားက တက်ခါနီး ဘုရားကပ်ဖို့ ပန်း ၀ယ်တော့ မွန်ပုဆိုး၊ မွန်လုံချည်နဲ့ အပေါ် အနက်အင်္ကျီ ဆင်တူဝတ်ဆင်ထားတဲ့ လူငယ်မောင်မယ် ကိုယ်စီ လှေကားကနေ ဘုရားပေါ် တက်နေကြတာတွေ့တယ်။ ဘုရားရင်ပြင်ပေါ်ရောက်တော့ ရင်ပြင်တောင်ဘက်မှာ မွန်လူငယ်တွေက ရဟန်းသံဃာအချို့ကို ကန့်တော့ပွဲနဲ့ ကန်တော့ ဆုတောင်းနေတာ တွေ့ရတယ်။

 

စာရေးသူလည်း ဘုရားပန်းကပ်ချင်ဇောနဲ့ အမှုမဲ့၊ အမှတ်မဲ့ပဲ သူတို့ကို သေချာမကြည့်ပဲ ဖြတ်ကျော်လာခဲ့တယ်။ ဘုရားရှိခိုး ဘုရားပန်းကပ်ပြီးပြန်အလှည့်မှာတော့ မွန်လို ဆုတောင်းသံတွေ ကြားရတဲ့အတွက် စိတ်ဝင်စားတာနဲ့ အဲနေရာနား ပြန်သွားကြည့်တော့ မွန်စာနဲ့ အင်္ဂလိပ်စာ ရေးထားတဲ့ Vinyl တချပ်ကို ထောင်ထားတာတွေ့ရတယ်။ အရှေ့က လူငယ်ခေါင်းဆောင်ဖြစ်သူက မိုက်ခရိုဖုန်းကိုင် စကားပြောနေချိန် ကျန်သူတွေက လက်ထဲမှာ ပန်းလေးတွေကိုင်လို့ ။ တချို့ကလည်း အနားမှာ အသင့်ပြင်ထားတဲ့ ဆီမီးခွက်တွေမှာ မီးထွန်းဖို့ စပြင်နေကြပါပြီ။ ဗီနိုင်းဆိုင်းဘုတ်သေချာကြည့်လိုက်မှပဲ သဘောပေါက်လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၂ နှစ်က ဗမာဘုရင်လက်အောက် ကျရောက်သွားတဲ့ မွန်ဘုရင့်နိုင်ငံ ဟံသာဝတီအတွက် ဆုတောင်းနေကြတာ ဖြစ်တယ်။ သတင်းထောက်အချို့ကလည်း ဓာတ်ပုံမှတ်တမ်းယူနေကြတယ်။

 

စာရေးသူအနေနဲ့ကတော့ နောက်ပိုင်းနှစ်တွေအတွင်း မွန်တွေ စုစုဝေးဝေးနဲ့ အခုလို ဘုရင့်နိုင်ငံတော် ကျဆုံးခြင်းလို အခမ်းအနားလုပ်တာ ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်တယ်။ အရှေ့တောင်အာရှမှာ အစောဆုံးခြေချခဲ့တဲ့ သမိုင်း ခမ်းနားခဲ့တဲ့ မွန်အနွယ်တွေဟာ မျက်မှောက်ကာလမှာတော့ လူဦးရေအရကော သူတို့ နယ်မြေအရပါ အတော်နည်းပါးသွားတဲ့ မျိုးနွယ်စုဖြစ်နေတယ်။

 

လွန်ခဲ့တဲ့နှစ်တွေအတွင်းက ဒီလိုအခမ်းအနားမျိုး ပုံမှန်လုပ်လေ့ရှိတာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၇ တုန်းကတော့ မြောက်ဦးမှာလုပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနားနဲ့ ဆက်စပ်ပြီး အဓိကရုဏ်းတွေဖြစ်ခဲ့ကာ လူတွေ သေဆုံး၊ ဖမ်းဆီး ခံရမှုတွေအထိ ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း ရခိုင်နဲ့ ပြည်မ အာဏာပိုင်တွေအကြား ဆက်ဆံရေးဟာ အတော်ကိုဆိုးဝါးတဲ့အဆင့်အထိကို ရောက်လာခဲ့တာကတော့ လက်ခံရမယ့်အချက်ဖြစ်တယ်။

 

ရခိုင်နဲ့ မွန်ကွာတဲ့ အချက်တွေထဲမှာ ၂၀၁၅ ရွေးကောက်ပွဲလောက်အထိ မွန်မှာ အန်အယ်လ်ဒီက နေရာတော်တော်များများ အနိုင်ရခဲ့တာ၊ ရခိုင်မှာ ရခိုင်ပါတီက နေရာအများစုနိုင်တာ စတဲ့ အနေအထားအထိ တိုင်းရင်းမျိုးနွယ်စု အခြေခံ Ethnonationalism အရတောင် မွန်က အမျိုးသားရေးထက် ပိုခေတ်ရှေ့ပြေးခဲ့လေသလား စဉ်းစားစရာ ဖြစ်စေခဲ့တယ်။

 

မွန်နဲ့ ပတ်သက်လို့ ငယ်စဉ်က ကျောင်းသုံးသမိုင်းတွေမှာတော့ ပထမ၊ ဒုတိယ၊ တတိယ နိုင်ငံတော် တည်ဆောက်မှုတွေမှာ မြန်မာနိုင်ငံတည်ထောင်သူတွေနဲ့ အမြဲတမ်း စစ်ဖြစ်ရတဲ့ ဘုရင့်နိုင်ငံအဖြစ် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတယ်။

 

သမိုင်းကို နိုင်သူ အကုန်ရေးတယ်ဆိုတဲ့ ဆိုရိုးစကားကြောင့်ပင်လော မသိ။ အင်းဝသိမ်း သိုဟန်ဘွားကတော့ ရှမ်းသမိုင်းမှာ လူကောင်းဖြစ်ပေမယ့် ဗမာသမိုင်းမှာ ရဟန်း၊ ကိုယ်ရင်ငယ်တွေကိုပါ သတ်တဲ့ လူဆိုးဖြစ်၊ အလောင်းဘုရားလို့ အမည်သတ်မှတ်ခံရကာ နေပြည်တော်မှာတောင် ရုပ်တု တည်ထားတဲ့သူအတွက်တော့ မွန် ၂၆၂ နှစ် ( ဟံသာဝတီ ) မွန်ဘုရင့် ထီးနန်းပျက်သုန်းခြင်း မွန်ဘက်ကရေးတဲ့ သမိုင်းမှာတော့ မြင်ရက် ရှုရက်စရာ မကောင်းလှ။ ရဟန်းသံဃာတွေကို ဆင်နင်းသတ်၊ ကုဋီထဲထည့် မီးရှို့သတ်တဲ့အထိ ဖော်ပြခံခဲ့ရတယ်။

 

အတွေးနယ်ချဲ့ရင်း ဇင်းမယ်သားတွေ ဗမာဘုရင်အောက် နှစ် ၂၀၀ လောက်နေရတုန်းက အခွင့်သာသလို ပြန်ပုန်ကန်ဖို့ ကြိုးစားတာ၊ စပိန်အောက် နှစ် ၃၀၀ ကျော် ရောက်ပြီဖြစ်တဲ့ ကာတလိုးနီးယားဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေပေမယ့် စံရွေးကိုက် ဖက်ဒရယ် သတ်မှတ်အဆင့် မရောက်တဲ့ အခြေအနေကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အမြင့်ဆုံး အဆင့်ဖြစ်တဲ့ လွတ်လပ်ရေး ဆန္ဒခံယူပွဲ လုပ်တဲ့ကိစ္စကနေ  အင်္ဂလိပ် မြန်မာပြည်ကို မသိမ်းခင် နှစ် ၄၀ ပဲ ဗမာဘုရင်အောက်မှာ နေရပြီး  လွတ်လပ်ရေးရပြီး နှစ်၇၀ ကျော် မြန်မာနိုင်ငံအတွင်းက ရခိုင်ပြည်နယ် အခြေအနေ စသဖြင့်ပင်။

 

စာရေးဆရာမ ဖရန်စင်း ရေးဗားကတော့  “ကမ္ဘာသူ၊ ကမ္ဘာသားတွေကို အောင်နိုင်သူတွေဟာ သူတို့ရဲ့ စိတ်ဆန္ဒရိုင်းတွေရဲ့ ကျေးကျွန်တွေသာဖြစ်တယ်။ ကမ္ဘာကို သူတို့စိတ်ကြိုက်သမိုင်းတွေ၊ အိုင်ဒီယာတွေနဲ့ ကမ္ဘာသူ ကမ္ဘာသားတွေကို ပုံစံခွက်ထဲထည့် ကြိုးကိုင်ဖို့ ကြိုးစားကြပေမယ့် နောက်ဆုံး သူတို့ရဲ့ စိတ်ဆန္ဒရိုင်းကို အလိုလိုက်မှု၊ အားထုတ်မှုတွေကပဲ သူတို့ကို ဆွဲချသွားမှာဖြစ်တယ်။” လို့ အောင်နိုင်သူတွေ ဒဿန တရပ်ကို ညွှန်းဆို ဖော်ထုတ်ခဲ့ဖူးတယ်။

 

( ဃ) နိုင်ငံရေး သိပ္ပံ အဆက်အစပ်မှသည်၊ ကွန်ဖြူးရှပ် အဆုံးအမအထိ

မွန် ဘုရင့်နိုင်ငံ ကျဆုံးခြင်း ၂၆၂ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မှာလည်း ကျင်းပတယ်လို့ သိရတယ်။ ကျိုက်သလ္လံဘုရားကအပြန် အတွေးထဲဝင်လာတာက ကာလအတန်ကြာ ငုပ်လျှိုးနေတဲ့ မွန်တွေရဲ့ အမျိုးသားရေး စိတ်ဓာတ်တွေက လတ်တလော အပိုင်းအခြားနှစ်အတွင်းမှာပဲ ဘာကြောင့် အားကောင်းလာစေခဲ့သလဲဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။ အတွေ့နယ်ချဲ့ရင်းရောက်ခဲ့တဲ့ ကိစ္စတွေက နှစ် ၃၀ အကြာ ဒီမိုကရေစီအရေး ရုန်းကန်မှုက အနိမ့်ဆုံး ဒီမိုကရေစီအဆင့် တရပ်နဲ့ စစ်အုပ်စိုးမှု စပ်ကြား စနစ်ကိုသာ ရရှိနေတာ၊ ဆယ်စုနှစ်များစွာကြာတဲ့အထိမရတဲ့ ဖက်ဒရယ် တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်အရေးတွေပင်။

 

ပြန်ကြည့်မယ်ဆိုရင် လစ်ဘရယ်လိုက်ဇေးရှင်း ဖွင့်လိုက်ကတည်းက ဒီမိုကရေစီ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရေး၊ တပ်နိုင်ငံရေးမှဆုတ်ခွာရေးနဲ့ ပရော်ဖက်ရှင်နယ် စစ်တပ်ဖြစ်ရေး၊ ငြိမ်းချမ်းရေးတို့မှာ တပြိုင်နက်တည်း မဖြစ်မနေဆောင်ရွက်ရမယ့် ( သို့မဟုတ် ) ဆောင်ရွက်နေရတဲ့ ကိစ္စတွေပင်။

 

တိုင်းရင်းသားလူမျိုးစုအများအပြားရှိတဲ့ နိုင်ငံတွေအဖို့ ပဋိပက္ခမှာ တိမ်းညွတ်မှုများပြီး ပြည်တွင်းစစ်ဖြစ်ပွားတတ်တာ သိပ်မဆန်းလှပါ။ ယင်းကဲ့သို့မျိုးနွယ်စုများသော တိုင်းပြည်တွေမှာ ဒီမိုကရေစီ အပြောင်းအလဲလုပ်ရတာခက်လည်း ခက်တတ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီ အဓိကလား ၊ ညီညွတ်ရေးအဓိကလားဆိုတဲ့ ပြဿနာက အမြဲပေါ်လေ့ရှိပါတယ်။အမျိုးသား ညီညွတ်ရေးအခြေခံ မရှိတဲ့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ခွဲထွက်ခွင့်အထိ တောင်းဆိုတာတွေ ရှိတတ်တာကြောင့်လည်း ဒီမိုကရေစီ အဓိကဆိုတာထက် အဲဒီလိုအခြေအနေမှာ ညီညွတ်ရေးကို အရင် ဦးစားပေးသင့်တယ်လို့ ဘာသာရေး ၊ ယဉ်ကျေးမှုအခြေခံတဲ့ ပဋိပက္ခတွေအတွင်း ကမ္ဘာကြီးကျရောက်မယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့သူဖြစ်ပြီး အကူးအပြောင်းဆိုင်ရာ တတိယလှိုင်းကျမ်းကို ရေးသားခဲ့သူ ပါမောက္ခ ဟန်တင်တန်က ဆိုဖူးတယ်။

 

စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံရေးကျင့်ထုံးတွေနဲ့အတူ နိုင်ငံရေးပါတီတွေ နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်မှုတွေကို ဖန်တီးဖို့ အကြံပေးပါတယ်။ ပြီးမှသာ ဘာသာရေး၊ လူမှုရေး ၊ ယဉ်ကျေးမှုနဲ့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေကို လိုက်ပါ ဆောင်ရွက်ရမယ်လို့ ဟန်တင်တန်က ဆိုပါတယ်။

 

ပညာရှင် Rustow ကလည်း ထိုနည်းလည်းကောင်းပင် အကြံပေးပါတယ်။ ဒါပေမယ့်လည်း ညီညွတ်ရေးက ယခင်က တိုင်းရင်းသားအင်အားစုတွေအနေနဲ့ ဘ၀တူခေါင်းဆောင် အဖြစ်သတ်မှတ်ခဲ့သူ  ဦးဆောင်တဲ့ အစိုးရ ဖြစ်လာတဲ့ အထိလည်း တိုင်းရင်းသားအင်အားစုတွေနဲ့ အရပ်သားအစိုးရအကြားပင် မရေမရာ ။ ဒီမိုကရက်တစ် အင်အားစု၊ တပ် ၊ တိုင်းရင်းသား ဆိုသည့် နှစ် ပေါင်းများစွာ တောင်းဆိုခဲ့တဲ့ ဆွေးနွေးမှုအခင်းအကျင်း ၊ ညီညွတ်ရေးအခင်းအကျင်းကလည်း ပေါ်ထွက်မလာ။

 

တိုင်းရင်းသား ဒေသ အသီးသီးတွင် အက်ကွဲသံများ ပိုကြားရခြင်းက ဒီမိုကရေစီ ကူးပြောင်းရေးအတွက် စိန်ခေါ်မှု ပိုပြင်းထန်လာနေသည့်အလား လက္ခဏာရပ်များပင်။ လေးသံ၊ မြှားသံ၊ စစ်မြူသံတွေကလည်း တချွင်ချွင်ဖြင့်။

 

တခါသော် ကွန်ဖြူးရှပ်ရဲ့တပည့် ဇူကုံ့က ကွန်ဖြူးရှပ်ကို မေးပါတယ်။ တိုင်းပြည်တပြည် တည်ငြိမ်စေဖို့ မည်သည့်အချက် လိုသလဲလို့မေးတော့ စစ်အပြင်အဆင် ပြည့်ဝခြင်း၊ ရိက္ခာပြည့်ဝခြင်း၊ ပြည်သူရဲ့ ယုံကြည်မှုရှိခြင်းဆိုတဲ့ အချက် ၃ ချက်ပဲလို့ ဆိုတယ်။

 

တိုင်းပြည်အင်အား၊ စစ်အင်အား၊ ကာကွယ်ရေး ၊ စားနပ်ရိက္ခာ လုံလောက်မှုနဲ့ တိုင်းပြည်နဲ့ အစိုးရအပေါ် ပြည်သူတွေ အယုံအကြည်ရှိမှုကို ဆိုလိုတာဖြစ်တယ်။

 

စစ်စစ်ပေါက်ပေါက်မေးတတ်တဲ့ ဇူကုံ့က ၃ ချက်များတဲ့အတွက် တချက်လောက် ပယ်ရမယ်ဆိုရင် ဘယ်အချက်ပယ်မလဲ ဆိုတော့ – စစ်အပြင်အဆင် ပယ်လော့လို့ ကွန်ဖြူးရှပ်က မိန့်ပါတယ်။ စစ်ရေးအကာအကွယ်မပါပဲ လုပ်မယ်ဆိုတဲ့ သဘောပါ။ ဇူကုံ့က ထပ်မေးပါတယ်။ နောက်တချက် ထပ်ပယ်ချင်တယ်ဆိုတော့ ကွန်ဖြူးရှပ်က ရိက္ခာကိုပယ်လော့ဆိုပြီး ပြောပါတယ်။ ဒါဆို ထမင်းမစားကြရတော့ဘူးလားလို့ ဇူကုံ့က စောဒက တက်တော့ ရှေးကတည်းက အားလုံးဟာ သေရမြဲဖြစ်တယ် လို့ ကွန်ဖြူးရှပ်ကပြောပြီး ပြည်သူရဲ့ ယုံကြည်မှု မရှိသော် မရပ်တည်နိုင်ပေလို့ ပြောလိုက်တယ်။

 

ကွန်ဖြူးရှပ်ရဲ့ ဆိုလိုရင်းက ကြောက်စရာအကောင်းဆုံး ကိစ္စက တိုင်းပြည်အပေါ် ပြည်သူတွေ ယုံကြည်မှုကင်းမဲ့သွားရင် အားလုံး ပျက်စီးပြိုကွဲသွားနိုင်တဲ့အရေးက စိုးရိမ်စရာ အကောင်းဆုံးလို့ ဆိုတာပါ။

 

ယုတ်စွအဆုံး ပြည်မတွေမှာ မဲ ရနိုင်သေးတယ်၊ ဗမာအများစုနေတဲ့ ဒေသတွေမှာ ထောက်ခံမှုရှိတယ် ဆိုတဲ့ အားတင်းထားမှုမျိုး ရှိကောင်း ရှိနေနိုင်ပေမယ့် ချောင်းဆုံ အရေး၊ ကရင်နီ ဗိုလ်ချုပ်အရေး၊ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသ မဲဆန္ဒနယ်တွေရဲ့ ရလဒ်တွေဟာ တိုင်းရင်းသား ဒေသတွေမှာ အစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု အားကောင်းနေသေးသလား ဆိုတဲ့ကိစ္စအပေါ် အလေးအနက်ထား ဆန်းစစ်ရမယ့် ကိစ္စ ဖြစ်နေပါပြီ။ ယုံကြည်မှု ပျက်ယွင်းမှုမှတဆင့် တချို့မမျှော်လင့်တဲ့ အကျိုးဆက် ကိစ္စတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအပါအ၀င် ပြည်ထောင်စု တည်ဆောက်ရေး Nation Building အောင်မြင် မအောင်မြင်အထိ တာသွားနိုင်တာကြောင့် ဖြစ်ပါတယ်။

 

တရုတ်သမိုင်းမှာ တိုင်းပြည်က ချစ်ခင်လေးစားမှုခံရတဲ့ ဘုရင်၊ ပဒေသရာဇ်တွေ လက်ကိုင်ထားတဲ့ ကွန်ဖြူးရှပ် ကထာကျမ်းထဲက အဆိုအမိန့်တချို့နဲ့ ဆောင်းပါးကို အဆုံးသတ်ပါရစေ။

 

“သူတော်ကောင်းသည် လောကနှင့် ဆက်ဆံရာမှာ ဆောင်အပ်ဖွယ်သည် မရှိ၊ ရှောင်အပ်ဖွယ်သည်မရှိ၊ ဖြောင့်မှန်ခြင်းသာ ရှိ၏ ( ကထာကျမ်း; ၄.၁၀ )။” ဆိုလိုရင်းကတော့ သူတော်ကောင်းဟာ ဒါမှဒါဆိုပြီးလည်း တပါးသူကို တခုခုကို အတင်းအကျပ် မလုပ်စေသလို၊ အကြောင်းမဲ့လည်း တခုခုကို အတင်းအဓမ္မ မဆန့်ကျင်ပါဘူး။ လွန်လွန်ကဲကဲ မထောက်ခံသလို လွန်လွန်ကဲကဲ မဆန့်ကျင်တတ။ လွန်လွန်ကဲကဲ အနားမကပ်သလို ဖြောင့်မှန်မှုကို ဦးထိပ်ထားလုပ်ကိုင်လေ့ရှိပြီး ဖြောင့်မှန်ခြင်းကိုပဲ စံအဖြစ် သတ်မှတ်ပါတယ်။

 

ကွန်ဖြူးရှပ်က အပြောနဲ့အလုပ်နှစ်ခုမှ အလုပ်ကိုပဲ ပိုပြီးအလေးထားသလို လေလုံးထွား ကြွားဝါတတ်သူတွေကိုလည်း သူက တော်တော့ကို သတိထားတာပါ။

“မာယာ ဆိုစကား၊ ဟန်ဆောင်မျက်နှာထား ရှိသောသူသည် ကရုဏာ ရှိခဲပေ၏ ( ကထာကျမ်း ၁.၃)”

Ref; Confucius From The Heart- Yu Dan

 

သူတော်ကောင်းသည် လောကနှင့် ဆက်ဆံရာတွင် ဆောင်အပ်ဖွယ်သည်မရှိ။ ရှောင်အပ်ဖွယ်သည်မရှိ”

“These conquerors of the world are slaves to their passions, and someday their passions will bring them down.”

― Francine Rivers,

 

 

#ဆောင်းပါးပါ အာဘော်ဟာ Voice Of Myanmar (VOM)ရဲ့ အာဘော်မဟုတ်ဘဲ ဆောင်းပါးရှင်ရဲ့အာဘော်သာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW