နာရီပိုင်းခြားပြီး တစ်​​နေရာတည်းမှာ ယာဉ်​နှစ်​စီးတိမ်း​မှောက်​၊ နှစ်ဦးသေ၊​ ၁၉ ဦးဒဏ်​ရာရ

စစ်​ကွင်း၊ ဇွန်​ -၃-၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း စစ်​ကွင်းနယ်​​မြေ အုတ်​တွင်းတာတုံ မိုင်​တိုင်​ ၉၆/၀ နဲ့ ၉၆/၁ ကြား  တစ်​​နေရာတည်းမှာ မနေ့ ဇွန် ၂ ရက်က  နာရီပိုင်းခြားပြီး ယာဉ်​နှစ်​စီးတိမ်း​မှောက်​ခဲ့ရာမှာ နှစ်ဦးသေဆုံးခဲ့တယ်လို့ စစ်​ကွင်းနယ်​​မြေ ရဲစခန်းက သိရပါတယ်​။

 

“နေ့ ၁၂ နာရီ​လောက်​က ဘီယာဗူး၊ ဘီယာပုလင်း​တွေ သယ်​​ဆောင်​လာတဲ့ကားက ကိုယ်​ထည်​ပြုတ်​ထွက်​ပြီး လမ်း​ဘေးသစ်​ပင်​နဲ့ တိုက်​​မှောက်​တယ်။ ၃နာရီ​လောက်​ကျ​တော့ ​အောင်​ရတနာကားက လမ်း​ဘေးလယ်​ကွင်းထဲ ထိုးကျသွားတယ်။ တစ်​​နေ့တည်း၊ တစ်​​နေရာတည်း ယာဉ်​နှစ်​စီး တိမ်း​မှောက်​မှုဖြစ်​တယ်​။” လို့ ရဲစခန်းက သိရပါတယ်​။

 

လက်​ပံတန်းမြို့​နေ မျိုး​ကျော်​​အောင်​​မောင်းနှင်​လာတဲ့ ဒိုင်​နာ အဖြူ​ရောင်​ကားဟာ ကိုယ်​ထည်​ပြုတ်​ထွက်​ပြီး လမ်း​ဘေးသစ်​ပင်​နဲ့ တိုက်​ခဲ့လို့ ယာဉ်ပေါ်ပါ သုံးဦး ဒဏ်​ရာရရှိခဲ့တဲ့အတွက် သူတို့ကို စစ်​ကွင်းတိုက်​နယ်​​ဆေးရုံသို့ ပို့​ဆောင်​ကုသထားပြီး ယာဉ်မောင်းကို  ယာဉ် (ပ)၉/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ နဲ့ အမှုဖွင့်ထားတယ်လို့ နယ်မြေ ရဲစခန်း ဒုရဲအုပ်တင်ထွန်းနိုင်က ပြောပါတယ်။

 

ရန်​ကုန်​ကနေပြည်​ဘက်​ ​မောင်းနှင်​လာတဲ့ အောင်ရတနာကားဟာ  အရှိန်​မထိမ်းနိုင်​ဘဲ လမ်း​ဘေးလယ်​ကွင်းထဲ တိမ်း​စောင်းသွားတဲ့အတွက်​ ယာဉ်​​ပေါ်ပါလာတဲ့ ဒုတိယတန်းကျောင်းသားကလေး အပါ (၁၆) ဦးဒဏ်​ရာရရှိခဲ့တဲ့အတွက်​ စစ်ကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

 

“ထိခိုက်ဒဏ်ရာ ရတာတော့ ၁၆ ယောက်ပါ။ ဒီထဲမှာ ၆ ယောက်က စိုးရိမ်ရလို့ရန်ကုန်ဆေးရုံကို လွှဲပြောင်းကုသဖို့ လုပ်ဆောင်ထားပါတယ်။”လို့ ထိခိုက်ဒဏ်ရာ ရသူတွေကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဦးဇော်ဇော်က ပြောပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းခရီးမှာ အုတ်ဖိုသဲကောရွာက မသန်းသန်းခိုင်နဲ့ အိုးသည်ကုန်း ဂုံညှင်းတန်းက မစိန်ပု(ခ)မဇင်မာဝင်း သေဆုံးသွားတယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။

 

“ကျနော်တို့က ​နေ့စဉ်​ ခရီးသွား​နေရ​တော့ ဒီလိုယာဉ်​တိုက်​မှုတွေ မကြာခဏ ဖြစ်​​နေတာ စိုးရိမ်​စရာပါ။ ခရီးသည်​​တွေရဲ့အသက်​က ယာဉ်​​မောင်းလက်​ထဲမှာပါ။ ယာဉ်​​မောင်းတွေက ဂရုစိုက်​ပြီး​မောင်း​စေချင်​တယ်​။ ယာဉ်​စည်းကမ်းလည်း လိုက်​နာ​စေချင်​တယ်​။” လို့ ခရီးသည်​ ဦးခိုင်​ထွန်းက​ ပြောပါတယ်​။

 

အဲဒီအတွက် အောင်ရတနာ ယာဉ်မောင်းကို ယာဉ်(ပ)၁၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၀၂ နဲ့ အမှုဖွင့်ထားပြီး ယာဉ်မောင်းထွက်ပြေးသွားတဲ့ အတွက်မောင်းဖမ်းမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဒုရဲအုပ် တင်ထွန်းနိုင်ကပြောပါတယ်။

 

#voiceofmyanmar #နာရီပိုင်းခြားပြီးတစ်နေရာတည်းမှာယာဉ်နှစ်စီးတိမ်းမှောက် #နှစ်ဦးသေ၊၁၉ဦးဒဏ်ရာရ   #ပဲခူး  #စစ်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW