စစ်သားတွေရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ရေးသားလို့ အေဘီစီသတင်းဌာနကို ရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်း

ဆစ်ဒနီ၊ ဇွန်- ၅-၂၀၁၉

မျိုးဆက် (VOM)

 

သြစတြေးလနိုင်ငံရဲ့ အများပြည်သူဆိုင်ရာ ရုပ်သံကော်ပိုရေးရှင်းဖြစ်တဲ့ အေဘီစီ သတင်းဌာနရုံးချုပ်ကို သြစတြေးလျရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပါတယ်။

 

ရဲတပ်ဖွဲ့ဟာ  အဲဒီ သတင်းဌာနက သတင်းထောက်နှစ်ဦးနဲ့  သတင်းအယ်ဒီတာ ဂါဗန်မော်ရစ်တို့ကို ရှာဖွေခွင့်ဝရမ်းနဲ့အတူ ၀င်ရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

 

ဒီလို ၀င်ရောက်စီးနင်းတာဟာ အာဖဂန်နစ္စတန်ရှိ သြစတြေးလျတပ်ဖွဲ့ဝင်တွေရဲ့ လက်မခံနိုင်တဲ့ အပြုအမူတွေကို စုံစမ်းဖော်ထုတ်ရေးသားခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာကြောင့်လို့ ဆိုပါတယ်။

 

လျှို့ဝှက်သတင်းအချက်အလက်တွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အေဘီစီသတင်းဌာနက သတင်းထောက်တစ်ဦးရဲ့ နေအိမ်ကိုလည်း ဇွန် ၄ ရက်မှာ  ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့ပါတယ်။

 

စီးနင်းရှာဖွေမှုမှာ ဘယ်သူ့ကိုမှ ဖမ်းဆီးဖို့ အစီအစဉ်မရှိဘူးလို့  ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ရှာဖွေဝရမ်းဟာ သတင်းထောက်တစ်ဦးအိမ်ကို ဇွန် ၄ က ရှာဖွေမှုနဲ့ မဆက်စပ်ဘဲ စစ်သားတွေရဲ့ လျှို့ဝှက် အကြောင်းအရာတွေကို ထုတ်ဖော်ရေးသားတဲ့ စွပ်စွဲချက်ကြောင့်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ရဲတပ်ဖွဲ့ရဲ့ ရှာဖွေမှုဟာ အာဖဂန်နစ္စတန်ရှိ သြစတြေးလျ အထူးတပ်ဖွဲ့ဝင်တွေက ဥပဒေမဲ့သတ်ဖြတ်တာတွေနဲ့ လက်မခံနိုင်တဲ့ အပြုအမူတွေကို ထုတ်ဖော်တင်ပြထားတဲ့ The Afghan Files လို့ အမည်ရတဲ့ ၂၀၁၇ ခုနှစ်က စုံစမ်းဖော်ထုတ်တင်ပြခဲ့တာကြောင့်လို့ အေဘီစီ သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

 

Ref : BBC

Photo : ABC

 

#voiceofmyanmar #စစ်သားတွေရဲ့လုပ်ရပ်တွေကိုဖော်ထုတ်ရေးသားလို့အေဘီစီသတင်းဌာနကိုရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်း  #ၾသစေၾတးလ်  # ဆစ္ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW