ဘန်ကောက်၊ ဇွန်-၆-၂၀၁၉
မျိုးဆက် (VOM)
ထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ယာယီအစိုးရကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ချန်အိုချာကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ထိုင်းပါလီမန်က ဇွန် ၅ ရက်မှာ ရွေးချယ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်နီးပါးက အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်အစိုးရဟာ နိုင်ငံရေးလှုပ်ရှားမှုတွကို ပိတ်ပင်တာ၊ ဆွေးနွေးငြင်းခုံမှုတွေကို ဖိနှိပ်တာ၊ သတင်းဌာနတွေကို ကန့်သတ်တာနဲ့ အတိုက်အခံတွေကို ထိန်းသိမ်းတာတွေကို မတ်လ အထွေထွေရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလိုအထိ ပြုလုပ်ခဲ့ပါတယ်။
မတ်လမှာ ကျင်းပခဲ့တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ ပြုတ်ကျခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ဆက်နွယ်နေတဲ့ ပွေထိုင်းပါတီက အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့ပြီး စစ်တပ်လိုလားတဲ့ ပါလန်ပရာချာရတ် ပါတီက ဒုတိယအများဆုံး အနိုင်ရရှိခဲ့ပါတယ်။
ဇွန် ၅ ရက်ကပြုလုပ်တဲ့ ၀န်ကြီးချုပ်ရွေးချယ်ရာမှာ အောက်လွှတ်တော်အမတ် ၄၉၇ ဦးနဲ့ စစ်တပ်က မဖြစ်မနေ ရွေးချယ်ခွင့်ရထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ တို့က မဲပေးခဲ့ကြတာဖြစ်ပါတယ်။
မဲပေးရွေးချယ်ရာမှာ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ဟာ ထောက်ခံမဲ ၇၀ ရာခိုင်နှုန်းနီးပါးရရှိပြီး သက်ဆင်ထောက်ခံသူတွေနဲ့ တခြားပါတီတွေက ကျောထောက်နောက်ခံပြုပေးထားတဲ့ ပြိုင်ဘက်ဖြစ်သူကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်အကြာမှာတော့ ထိုင်းနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးပြန်ဖြစ်ဖို့အတွက် ယခုလအတွင်း အစိုးရသစ်တစ်ရပ်ကို ဖွဲ့ဖို့ရှိနေပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံရေးမှာ ထိုင်းစစ်တပ်က ခိုင်မာတဲ့ သြဇာလွှမ်းမိုးမှုတွေ လုပ်နိုင်ဖွယ်ရှိနေပါတယ်။
Ref : Reuters/NHK
Photo : Kosaku Mimura
#voiceofmyanmar # အာဏာသိမ်းစစ်ခေါင်းဆောင်ပရာယွတ်ကိုဝန်ကြီးချုပ်အဖြစ်ထိုင်းပါလီမန်ရွေးချယ် # ဘန်ကောက် #