ထောင်တွင်း တက္ကသိုလ်ဝင်တန်းဖြေသူ ၅၅ ရာနှုန်းအောင်

မန္တလေး အိုးဘိုထောင်ကနေ ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ ၅၉ ရာနှုန်းရှိတယ်လို့ မန္တလေး အိုးဘိုထောင်က သိရပါတယ်။

ဖြေဆိုသူ အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၇၁ ဦး ရှိခဲ့ပြီး စာမေးပွဲ ဖြေဆို အောင်မြင်သူ ၃၇ ဦး ရှိတယ်၊ ဂုဏ်ထူးနဲ့ အောင်မြင်သူ ၁၄ ယောက် ရှိတယ်လို့ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောပါတယ်။

ဂုဏ်ထူးနဲ့ အောင်မြင်သူတွေထဲမှာ ၂ ဘာသာ ဂုဏ်ထူးရှင် ၃ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၁ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

“မနှစ်က အောင်ချက်က ၄၉ ရာနှုန်း ရှိခဲ့တယ်။ ဒီနှစ်က ၅၉ ရာနှုန်းဆိုတော့ ဒီနှစ်က အောင်ချက်က ပိုများလာတယ်။ ဂုဏ်ထူးထွက်တာတော့ ဒီနှစ် နည်းသွားတယ်” လို့ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တုန်းက အိုးဘို ထောင်တွင်းကနေ စာမေးပွဲ ဖြေသူ ၅၅ ဦးရှိခဲ့ပြီး အောင်မြင်သူ ၂၇ ဦး ရှိခဲ့ပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ စာမေးပွဲ ဖြေသူ ၇၁ ဦးမှာတော့ ၅၁ ဦး အောင်မြင်တယ်လို့ အကျဉ်းဦးစီး ဌာနကဆိုပါတယ်။ အောင်မြင်သူထဲမှာ ၃ ဘာသာ ဂုဏ်ထူးရှင် ၄ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၁၆ ဦးနဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၂၀ ဦး ပါဝင်တယ်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးမင်းထွန်းစိုးက ပြောပါတယ်။

တောင်ငူထောင်ကနေ ဝင်ယောက်ဖြေဆိုသူ ၄ ယောက်ရှိပြီး ၂ ယောက် အောင်မြင်တယ်လို့ သူက ဆိုပါတယ်။

ဒီနှစ်အတွက် တနိုင်ငံလုံး အနေနဲ့ အင်းစိန်ထောင်၊ တောင်ငူထောင်၊ အိုးဘိုထောင်၊ ဘားအံထောင်၊ လွိုင်ကော်ထောင်၊ သရက်ထောင်၊ မုံရွာထောင်၊ မြိတ်နဲ့ ကသာထောင်တွေရဲ့ ထောင်တွင်း စာစစ်ဌာနတွေကနေ ဝင်ရောက်ဖြေဆိုတဲ့ အကျဉ်းသား ၁၇၁ ဦး ရှိခဲ့ပြီး၊ ၉၄ ဦး အောင်မြင်တဲ့အတွက် ၅၄.၉၇ ရာနှုန်း အောင်မြင်မှု ရှိတယ်လို့ သိရပါတယ်။

မနှစ်ကတော့ တနိုင်ငံလုံးက ထောင်တွင်းစာစစ်ဌာနကနေ ဝင်ရောက်ဖြေဆိုသူ ၁၀၄ ဦး ရှိခဲ့ပြီး ၄၇ ဦး အောင်မြင်ခဲ့ပါတယ်။

 

#VoiceOfMyanmar #VOM #မန္တလေး #အိုးဘိုထောင်စာစစ်ဌာန #အိုးဘိုထောင် #တက္ကသိုလ်ဝင်တန်းအောင်

Related posts

Leave a Comment

VOM News

FREE
VIEW