မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်တစ်ဦး ငွေအလွဲသုံးစား လုပ်တယ်ဆိုတဲ့ကိစ္စ စုံစမ်းစစ်ဆေးမယ်

ရန်ကုန် ၊ဇွန် ၉ – ၂၀၁၉

သိင်္ဂီ (VOM)

 

သတင်းသမားတွေကို အင်္ဂလိပ်စာ သင်တန်းပို့ချဖို့အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)က ထောက်ပံ့ခဲ့တဲ့ ဘတ်ဂျက်ငွေနဲ့ပတ်သက်ပြီး ကောင်စီဝင်တစ်ဦးက အလွဲသုံးစားပြုလုပ်တယ်ဆိုတဲ့ ကိစ္စကို  စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ စစ်ဆေးသွားမယ်လို့  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ တာဝန်ရှိ အကြီးအကဲတစ်ဦးက ပြောပါတယ်။

 

“ကောင်စီဥပဒေအရ တိုင်းရင်းသားမီဒီယာတွေကို သင်တန်းထောက်ပံ့ရတယ်၊  ပို့ချတာတွေကူညီရတယ်။ ဒါကြောင့် သူတောင်းတဲ့ပိုက်ဆံကို ထောက်ပံ့တယ်၊ သူတို့ဘာသာ သူတို့ယူတယ်။ သုံးစွဲတဲ့သူက ကောင်စီဝင်ဖြစ်နေတယ်။ ဒါပေမယ့် ကောင်စီနဲ့ဘာမှမဆိုင်ဘူး။ ကောင်စီက ဥပဒေအရ ထောက်ပံ့တာပဲရှိတယ်။ သုံးစွဲတဲ့သူက ဆရာကို ဘယ်လောက်ပေးတယ် ဆိုတာမသိဘူး။ ကောင်စီနဲ့မဆိုင်ပေမယ့် ကောင်စီဝင်ဖြစ်နေတော့ ကောင်စီပုံရိပ်ကို ထိခိုက်တယ်ဆိုပြီး တိုင်တယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့တယ်။ စုံစမ်းစစ်ဆေးမယ်။ ခုထိတော့ မစစ်ဆေးရသေးဘူး။ တကယ်တော့ သိပ်ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒါကို ဟိုတနေ့က အစည်းဝေးပြီးတော့ ဖွလိုက်ကြတာ။” လို့ သူက ဆိုပါတယ်။

 

လက်ရှိမှာတော့ ဒီနေ့အထိ တိုင်ကြားခံထားရသူထံကနေ ဖြေရှင်းချက်တစုံတရာ မရရှိသေးကြောင်းနဲ့ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ စုံစမ်းမှုအပြီးထွက်လာမယ့် ရရှိချက်အပေါ်မူတည်ပြီး ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ” အင်္ဂလိပ်စာသင်ဖို့ဆိုပြီး ကူညီခိုင်းတယ်။ ဘတ်ဂျက်တောင်းလို့ ဘတ်ဂျက်ချပေးတယ်။ ဒီကခွင့်ပြုတဲ့ ဘတ်ဂျက်နဲ့ ဟိုဘက်က အင်္ဂလိပ်ဆရာမ လက်ခံရရှိတဲ့ပမာဏက ကွာနေတယ်လို့ သိရတယ်။ မနက်ဖြန်မှ သက်ဆိုင်တဲ့ကော်မတီက တွေ့ဆုံဆွေးနွေးမှု လုပ်မယ်။ ဒါပြီးရင် တစ်ခုခုအဖြေတိတိကျကျသိရပါမယ်။”လို့ ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ ကောင်စီအဖွဲ့ဝင်ဖြစ်သူ မသူဇာကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်ရှိမှာ ကောင်စီက လုပ်ဆောင်နေတာဖြစ်တာကြောင့် ပြောပိုင်ခွင့်မရှိသေးလို့ ဆိုပါတယ်။

 

သတင်းထောက်တွေကို အင်္ဂလိပ်စာသင်တန်းပို့ချတဲ့အစီအစဉ်ကတော့ ခုချိန်မှာ ပြီးဆုံးသွားပြီလို့ သိရပါတယ်။

 

#voiceofmyanmar # မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်တစ်ဦး ငွေအလွဲသုံးစားလုပ်တယ်ဆိုတဲ့ကိစ္စစုံစမ်းစစ်ဆေးမယ်  #မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ#ရန်ကုန်

 

ဓါတ်ပုံ – မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီစာမျက်နှာ

Related posts

Leave a Comment

VOM News

FREE
VIEW