စွန့်ပစ်အမှိုက် ပြန်လည်အသုံးပြုတဲ့ လုပ်ငန်းအ​ပေါ် ကုန်သွယ်ခွန် ကောက်ခံမှု ဖြေလျှော့ပေးဖို့ တောင်းဆို

ရန်​ကုန်​၊ ဇွန်​ ၉ – ၂၀၁၉

သူရိန်(VOM)

 

စွန့်ပစ်ပစ္စည်း ပြန်လည်သုံးစွဲတဲ့လုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ Recycle လုပ်ငန်းဟာ ပြည်ပကနေ ကုန်ကြမ်းတင်သွင်းပြီး လုပ်ကိုင်ရတာမဟုတ်တဲ့အတွက် ကုန်သွယ်ခွန် ကောက်ခံတာကို ဖြေလျှော့ပေးဖို့ Recycle လုပ်ငန်းရှင်အချို့က တောင်းဆိုပါတယ်။

 

“ကျနော်တို့က လာရောင်းတဲ့သူတွေ အဆင်ပြေစေဖို့ တစ်ပိဿာ တစ်ထောင်နှုန်းနဲ့ ပေးနိုင်သလောက်ကို အမြင့်ဆုံးဈေးပေးတယ်။ အခွန်က ၅၀ ပေးရတယ်၊ အဲ့ဒီအခွန် ၅၀ ကို ကျနော်တို့က သူတို့ဆီက ကောက်လို့မရဘူး။ လာရောင်းတဲ့ အမှိုက်​ကောက်သမားတွေဆီကနေ Commercial Tax ငါးရာခိုင်နှုန်း ပြန်ကောက်မယ်ဆိုရင် ဘယ်သူက ကျနော်တို့ကို လာရောင်းမှာလဲ။ ကျနော်တို့ လုပ်ငန်းအနေအထား အသေးလေးတွေက တစ်ခုနဲ့တစ်ခု မတူတဲ့အခါကြတော့ ကျနော်တို့လို recycle လုပ်ငန်းရှင်တွေကို ကုန်သွယ်ခွန်ကို လျှော့ပေါ့ပေးစေချင်တာပါ။”လို့ Myanmar Plastic Industry Association Recycling Sub-Committee ယာယီ ဥက္ကဌ ဦးစိုးမင်းက ပြောပါတယ်။

 

Recycle လုပ်ငန်းအတွက် ကုန်ကြမ်းဆိုတာ ပြည်ပက တင်သွင်းရတာလည်း မဟုတ်တဲ့အတွက် ၂၀၁၅ ခုနှစ်ကတည်းက ကောက်ခံနေတဲ့ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကို ဖြေလျှော့ပေးဖို့ တောင်းဆိုကြတာပါ။ ဒါကြောင့် အဲဒီကုန်သွယ်ခွန်ကို ဖြေလျှော့ပေးဖို့အတွက် လက်ရှိမှာ မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အသင်းလက်အောက်က Plastic Recycling လုပ်ငန်းရှင်ကော်မတီအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် Recycle လုပ်ငန်းရှင်တွေ လုပ်ငန်းလုပ်ကိုင်ရ အဆင်ပြေလွယ်ကူစေဖို့ ဥပဒေ၊ နည်းဥပဒေတွေ ဆောင်ရွက်ပေးသင့်သလို လုပ်ငန်းအတွက် မြေဈေးကြီးမားတာ၊ လျှပ်စစ်မီး အခက်အခဲရှိတာတွေကိုလည်း နိုင်ငံတော်အနေနဲ့ ကူညီဖြေရှင်းပေးသင့်တယ်လို့ ဆိုပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှာ Recycling လုပ်ကိုင်သူပေါင်း ၃၀၀ ကျော်ရှိပြီး မန္တလေးတိုင်းနဲ့  ရန်ကုန်တိုင်းတို့မှာ အများဆုံး လုပ်ကိုင်​နေကြတယ်​လို့ Myanmar Plastic Industry Association Re cycling Sub-Committee က သိရပါတယ်​။

 

 

#voiceofmyanmar # စွန့်ပစ်အမှိုက်ပြန်လည်အသုံးပြုတဲ့လုပ်ငန်းအပေါ်ကုန်သွယ်ခွန်ကောက်ခံမှု ဖြေလျှော့ပေးဖို့တောင်းဆို  # Recycle  #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW