ရထားလာနေချိန် လမ်းဖြတ်မောင်းတဲ့ ဆိုင်ကယ် ရထားတိုက်ခံရ တစ်ဦးသေ

သုံးဆယ်၊​ ဇွန်​ ၁၁ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း သာယာဝတီခရိုင် သုံးဆယ်​မြို့ ငဖြူက​လေးဘူတာနဲ့ သုံးဆယ်​ဘူတာကြားမှာ ဒီ​နေ့ မနက်​ ၉ နာရီ လောက်​က ရထားလာနေချိန် လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ် ရထားတိုက်ခံရလို့ အမျိုးသားတစ်ဦးနေရာမှာပဲ သေဆုံးသွားတယ်လို့ သုံးဆယ်မြို့နယ်မြေရဲစခန်းက သိရပါတယ်။

 

သုံးဆယ်မြို့ ကွင်းကြီးကျေးရွာနေ  ကိုဇော်မျိုးအောင် (၃၀ နှစ် ) နဲ့ ဒေါ်လှမြင့် (၅၆)နှစ်တို့ မောင်းလာတဲ့ ဆိုင်ကယ်ဟာ တရားမဝင် သံလမ်းဖြတ်ကူးလို့ အမှတ် (၆၉) အဆန် ကြည့်မြင်တိုင် – သာရဝေါ အမြန်ရထားနဲ့ တိုက်မိခဲ့တာဖြစ်ပြီး သူတို့ကို သာယာဝတီ ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ပေးထားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 

“ကျနော်တို့ သွားတော့ ဆိုင်ကယ်တစ်စီးက လမ်းကျော်၊ ဂုံးဘေးနားမှာ လဲနေတယ်။ ဆိုင်ကယ်နဲ့ လေး၊ ငါး ပေအကွာလောက်မှာ အမျိုးသားက လည်ပင်းမှာ ဒဏ်ရာနဲ့ ပွဲချင်းပြီးသေသွားတယ်။ အမျိုးသမီးကတော့ ခြေထောက်နှစ်ချောင်း ဖြတ်တိုက်ထားတာ ဖြစ်ရမယ်၊ ခြေထောက်နှစ်ချောင်း ရင်ဘတ်ပိပြီး တင်ပဆုံတွေလည်း ကျိုးသွားတယ်။” လို့ လိုက်ပါကူညီခဲ့တဲ့ ဂရုဏာရှင်အသင်းက ကိုထူးကြီးက ပြောပါတယ်။

 

ဆိုင်​ကယ်​ကို မဆင်​မခြင်​ မောင်းနှင်​တယ်ဆိုပြီး ​သေဆုံးသူ ကို​ဇော်​မျိုး​အောင်​ကို အ​ရေးယူ​ပေးဖို့ သုံးဆယ်​ဘူတာရုံပိုင်​ကြီး ဦးတင့်​​ဇော်​က တရားလိုလုပ်​တိုင်​တန်းတဲ့အတွက်​ ​သေမှုသေခင်း အမှတ်​စဉ်​ (၇/၂၀၁၉)နဲ့ အမှုဖွင့်​ ​ဆောင်​ရွက်​​နေတယ်​လို့ သုံးဆယ်​နယ်​​မြေရဲစခန်း ရဲအုပ်​မိုး​အောင်​က​ ပြောပါတယ်​။

 

#voiceofmyanmar # ရထားလာနေချိန်လမ်းဖြတ်မောင်းတဲ့ဆိုင်ကယ်ရထားတိုက်ခံရတစ်ဦးသေ #ပဲခူး   #သာယာဝတီ #သုံးဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW