အခွန်အမှတ်တံဆိပ် ကပ်နှိပ်မရောင်းတဲ့ ဖုန်းဆိုင်တွေအကြောင်း တိုင်သူကို ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ပေးမယ်

ရန်ကုန်၊ ဇွန် ၁၅ – ၂၀၁၉

သိင်္ဂီ(VOM)

 

လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချတဲ့ ပြေစာပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ် မပေးတဲ့ အရောင်းဆိုင်တွေကို သတင်းပေးတိုင်ရင် ဒဏ်ငွေရဲ့ ၁၀ ရာခိုင်နူန်းကို ဆုကြေးငွေအဖြစ်  ပေးအပ်မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောပါတယ်။

 

“ပြေစာပေါ်မှာ တံဆိပ်ခေါင်း မကပ်ပေးဘူး၊ အခွန်ကောက်တဲ့ နှုန်းထားလည်း မဖော်ပြထားဘူး၊  မရှိဘူးဆိုတိုင်း အခွန်မကောက်ထားဘူးလို့ မထင်ပါနဲ့၊ ဆိုင်တွေက မတူပါဘူး၊ ဖုန်းသွင်းကတည်းက အခွန်ဆောင်ထား တရားဝင်သွင်းထားတဲ့သူတချို့က  ဈေးနူန်းထဲမှာ အခွန်ကိုပါ တစ်ပါတည်းပေါင်းပြီးသားပါ။ ဒါကြောင့် အခွန်တံဆိပ်မကပ်ပဲ ရောင်းတာတွေ့ရင် တိုင်ကြားပေးပါ၊ အမှတ်တံဆိပ်ကပ်တာ မပြည့်ရင်လည်း တိုင်ကြားပေးပါ၊ အခွန်တော့ ကောက်ထားတယ်၊ တံဆိပ်တော့ မကပ်ပေးဘူးဆိုလည်း တိုင်ပေးပါ၊ ပူးပေါင်းပါဝင်ပေးပါ”လို့  ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန နေပြည်တော်ရဲ့ ဒုတိယညွန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် ကဆိုပါတယ်။

 

တိုင်ကြားလို့ရတဲ့ အခြေအနေကတော့ အရောင်းဆိုင်အနေနဲ့ ပြေစာပေါ်မှာ အခွန်အမှတ်တံဆိပ် ကပ်နှိပ်မထားခြင်း၊ အမှတ်တံဆိပ်လုံလောက်စွာ ကပ်နှိပ်ဖို့ပျက်ကွက်ခြင်း၊ ပြေစာထုတ်ပေးဖို့ ပျက်ကွက်ခြင်းတွေဖြစ်ရင် တိုင်ကြားနိုင်မှာဖြစ်ပါတယ်။

 

ဒီလိုတိုင်ကြားတဲ့အခါ ပျက်ကွက်ကြောင်း ခိုင်လုံစွာတင်ပြနိုင်တဲ့ အထောက်အထား၊ ပြေစာမူရင်း တွေရှိဖို့လိုအပ်ပြီး ပြည့်စုံရင်တော့ နီးစပ်ရာ ဘယ်မြို့နယ်က အခွန်ရုံးကိုမဆို တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

 

သတင်းပေးတိုင်ကြားသူကို   ပျက်ကွက်တဲ့အခွန်ရဲ့ ၁၀၀ ရာခိုင်နူန်းအဖြစ် တပ်ရိုက်တဲ့ ဒဏ်ငွေရဲ့ ၁၀ ရာခိုင်နူန်း၊ ပျက်ကွက်တဲ့ အကြိမ်အရေအလိုက် တပ်ရိုက်တဲ့ဒဏ်ငွေရဲ့ ၁၀ ရာခိုင်နူန်း ပေးအပ်မှာဖြစ်တာကြောင့် ချီးမြင့်တဲ့ ဆုကြေးငွေပမာဏဟာ ပျက်ကွက်တဲ့အခွန်နဲ့ အကြိမ်အရေအတွက်အပေါ် မူတည်ပြီး အနည်းဆုံးပမာဏ ၂သောင်းကျပ်ကနေ အများဆုံး တစ်သိန်းကျပ်နှင့်အထက် ရရှိနိုင်မယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

 

လက်ကိုင်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေအတွက် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးခြင်းစနစ်ကို ဇွန်လ ၁ ရက်နေ့မှာ စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ မြို့နယ်ပေါင်း ၂ဝ၈ မြို့နယ်အတွင်းက ဖုန်းနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်တွေကို  အခွန်အမှတ်တံဆိပ်ခေါင်းပေါင်း ၁၉၂ သိန်းကို ထုတ်ပေးထားတယ်လို့ သိရပါတယ်။

 

ထုပ်ပေးထားပြီးဖြစ်တဲ့ အခွန်တံဆိပ်ခေါင်းတွေကတော့  ၅ဝ ကျပ်တန် အခွန်တံဆိပ်ခေါင်း ၁ဝ၃ သိန်း၊ ၁ဝဝ ကျပ်တန် ၁၅ သိန်း၊ ၂ဝဝ ကျပ်တန်ပေါင်း ၂၄ သိန်း၊ ၅ဝဝ ကျပ်တန် ၃၃ သိန်း၊ ၁ဝဝဝ ကျပ်တန် ၁၂ သိန်း၊ ၅ဝဝဝ ကျပ်တန် ၃ သိန်း၊ ၁ဝဝဝဝ ကျပ်တန် ၂ သိန်း စုစု ပေါင်း အခွန်တံဆိပ် ခေါင်းပေါင်း ၁၉၂ သိန်းဖြစ်ပြီး တန်ဖိုးငွေကျပ်အားဖြင့် ၇ ဒသမ ၈ ဘီလီယံဖိုးခန့် ထုတ်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW