တက္ကသိုလ်ဝင်တန်းစာမေးပွဲ သုံးနှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးရခဲ့တဲ့အတွက် အမှတ် ၄ ကျောင်းအုပ်ကို ဂုဏ်ပြု

စစ်တွေ၊ ဇွန် ၁၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေထဲမှာ သုံးနှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးရခဲ့တဲ့ စစ်တွေမြို့ရှိ အ.ထ.က ၄ ကျောင်းက ကျောင်းအုပ်ဆရာကြီးကို ကျောင်းသားဟောင်းတွေ စုပေါင်းပြီးတော့ မနေ့ ဇွန်လ ၁၆ ရက်က ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

 

 

အမှတ် ၄ အထက်တန်းကျောင်းဟာ လက်ရှိကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်ရဲ့လက်ထက်မှာ ကျောင်းစည်းကမ်းတွေ ကောင်းမွန်လာပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း အောင်ချက်အကောင်းဆုံးနဲ့ သုံးနှစ်ဆက်တိုက်အောင်မြင်ခဲ့တာကြောင့် ကျောင်းသားဟောင်းတွေက ရွှေစင်တစ်ကျပ်သားပါရှိတဲ့ ဆုတံဆိပ်နဲ့ အခုလို ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

 

“ဂုဏ်ပြုခံရတာက ကျနော်တော်လို့မဟုတ်ဘူး။ ကျနော့် ကလေးတွေကြိုးစားလို့။ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေကို ကျောသား၊ ရင်သားမခွဲခြားဘဲ သားသမီးအရင်းလို သွန်သင်ဆုံးမလို့ ရလာတဲ့ရလဒ်ပါ။ ကျနော် က ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလိုဂုဏ်ပြုခံရတာပဲ။ ဒါဟာ အကုန်လုံးနဲ့ဆိုင်ပါတယ်။”လို့ ဆရာကြီး ဦးဝင်းမောင်က ပြောပါတယ်။

 

ဆရာကြီးဦးဝင်းမောင်အနေနဲ့ အ.ထ.က ၄ ကျောင်းကို ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ လေးနှစ်ရှိပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းကတော့ ၂၀၁၆-၁၇ ခုနှစ်မှာ ၃၈.၉၆ ရာခိုင်နှုန်း၊ ၂၀၁၇-၁၈ ခုနှစ်မှာ ၄၃.၉၇ ရာခိုင်နှုန်း၊ ၂၀၁၈-၁၉ ခုနှစ်မှာ ၅၂. ၇၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဖြေဆိုကျောင်းသား ၁၄၃ ဦးထဲကနေ ၇၆ ဦး အောင်မြင်ခဲ့တာဖြစ်ပါတယ်။

 

အခုလိုမျိုး အောင်ချက်ရာခိုင်နှုန်းတွေပိုကောင်းလာအောင် တခြားကျောင်းတွေမှာလည်း စနစ်တကျကြပ်မတ်ဆောင်ရွက်ဖို့လိုအပ်နေသလို ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုဖြစ်ဖို့  ကျောင်းသား၊ မိဘ၊ ဆရာပူးပေါင်းဆောင်ရွက်ပါက တိုးတက်လာမှာ ဖြစ်တယ်လို့ ကျောင်းသားဟောင်းတွေက ပြောပါတယ်။

 

#voiceofmyanmar # တက္ကသိုလ်ဝင်တန်းစာမေးပွဲသုံးနှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးရခဲ့တဲ့အတွက်ကျောင်းအုပ်ဆရာကြီးကို ဂုဏ်ပြု  #အ.ထ.က ၄ #ရခိုင်  #စစ်တွေ

 

Related posts

Leave a Comment

VOM News

FREE
VIEW