နျူကလီးယားအရေးဆွေးနွေးဖို့ မြောက်ကိုရီးယားကို တရုတ်သမ္မတရှီကျင်းပင် သွားမယ်

ပေကျင်း၊ ဇွန်-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

တရုတ်သမ္မတ ရှီကျင်းပင်ဟာ မြောက်ကိုရီးယားကို အခုသီတင်းပတ်အတွင်း သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနက ဇွန် ၁၇ ရက်မှာ ဖော်ပြထားပြီး ဒီခရီးစဉ်ဟာ ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို သွားရောက်တာ ဖြစ်ပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင်းပင်ဟာ မြို့တော် ပြုံးယမ်းကို ဇွန် ၂၀ ရက်ကနေ၂၁ အထိသွားရောက်မှာဖြစ်တယ်လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။

 

ဒီခရီးစဉ်အတွင်း တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်အခြေအနေတွေအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြမှာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ပြသနာကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့ တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။

 

နျူကလီးယား လက်နက်စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို တရုတ်နိုင်ငံက ထောက်ခံတာကြောင့် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ဆိုးရွားခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကစလို့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။

 

ကင်ဂျုံအန်ဟာလည်း ရှီကျင်းပင်နဲ့ တွေ့ဆုံဖို့အတွက် ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံကို လေးကြိမ်တိုင် သွားရောက်ခဲ့ပါသေးတယ်။ သမ္မတရှီကျင်းပင်ရဲ့ခရီးစဉ်ဟာ တရုတ်-မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို နောက်ဆုံးသွားရောက်ခဲ့တဲ့ တရုတ်သမ္မတကတော့ ဟူကျင်တောင်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

 

Ref : CNA

Photo : Getty Images

 

#voiceofmyanmar # နျူကလီးယားအရေးဆွေးနွေးဖို့မြောက်ကိုရီးယားကိုသွားမယ် # တရုတ်သမ္မတရှီကျင်းပင် #တရုတ်  #ပေကျင်း #

Related posts

Leave a Comment

VOM News

FREE
VIEW