သတင်းထောက် ခါရှိုဂျီအသတ်ခံရမှု ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်နေတယ်လို့ ကုလသမဂ္ဂဆို

ကုလသမဂ္ဂ၊ ဇွန်-၂၀-၂၀၁၉

မျိုးဆက် (VOM)

 

ပြီးခဲ့တဲ့နှစ်က တူရကီနိုင်ငံ အစ္စတန်ဘူရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း သတင်းထောက် ဂျမယ်ခါရှိုဂျီ အသတ်ခံရမှုမှာ ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ယုံကြည်ရတဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့  ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

 

ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ အဂ္ဂနက်ကယ်လာမာ့ ဦးဆောင်တဲ့ ကုလသမဂ္ဂ အဖွဲ့တစ်ဖွဲ့ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို  ဇန်န၀ါရီလက စတင်ခဲ့တာဖြစ်ပြီး  သူတို့ရဲ့ တွေ့ရှိချက်  အစီရင်ခံစာကို ဇွန် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

သတင်းထောက် ခါရှိုဂျီ အသတ်ခံရမှုမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ပါဝင်ပတ်သက်နေတယ်ဆိုတာကို ဆော်ဒီအာရေဗျက အခိုင်အမာ ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေ ပါဝင်တယ်ဆိုတာ လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတာကို သက်သေအထောက်အထားတွေ ပေးနိုင်တဲ့ အချိန်အထိ ဒါမှမဟုတ် သက်သေအထောက်အထား မပေးမချင်း အိမ်ရှေ့မင်းသားနဲ့ အခြားသူတွေရဲ့ နိုင်ငံရပ်ခြားက ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ အပါအ၀င် အရေးယူပိတ်ဆို့မှုတွေကို နိုင်ငံတကာက ချမှတ်ဖို့ အစီရင်ခံစာမှာ  တိုက်တွန်းထားပါတယ်။

 

အဲဒီ သတ်ဖြတ်မှုကို ဆော်ဒီအဆင့်မြင့်အရာရှိတွေက ထောက်ခံ၊ စီစဉ်ပြီး ကြီးကြပ်လုပ်ဆောင်ခဲ့တာလို့ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လာမာ့က ပြောပါတယ်။ ဆော်ဒီအနေနဲ့ ဒီကိစ္စကို တာဝန်ယူဖို့လိုကြောင်း ထောက်ပြပြောဆိုထားပြီး ယခုထက်ပိုမိုနက်ရှိုင်းတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှု တစ်ရပ်လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Ref : NHK

Photo : AP

 

#voiceofmyanmar # သတင်းထောက်ခါရှိုဂျီအသတ်ခံရမှု  # တူရကီ #အစ္စတန်ဘူရှိ ဆော်ဒီကောင်စစ်ဝန်ရုံး #ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်နေ #ကုလသမဂ္ဂ #

 

Related posts

Leave a Comment

VOM News

FREE
VIEW