အီးယူကို မွေးမြူရေးငါး တင်ပို့ခွင့်ပြုထားပေမယ့် တင်ပို့နိုင်ခြင်းမရှိသေး

ရန်ကုန်၊ ဇွန် ၂၀ – ၂၀၁၉

သူရိန်(VOM)

 

မြန်မာ့မွေးမြူရေး ငါး၊ ပုစွန်​တွေကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ​တွေဆီ အခုနှစ်မေလကစပြီး တင်ပို့ခွင့် ရရှိထားပေမယ့်​ တင်ပို့နိုင်ခြင်းမရှိသေးဘူးလို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

 

“တစ်လ ကျော်သွားပြီ။ မေလတစ်ရက်ကနေစပြီးတော့ အခုထိ တင်ပို့တာမရှိဘူး။ ရုံးချုပ်က ကျနော့်ကို မေးရင် ပြောစရာမရှိဘူး ဖြစ်နေတယ်။ မွေးငါးရဲ့ Data(အချက်အလက်) တင်ဆိုရင် ကျနော့်မှာ တင်စရာမရှိဘူး။” လို့ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်ပပို့ကုန်အရည်အသွေးစစ်ဆေးရေးဌာနစု တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ​ပြောပါတယ်​။

 

အစိုးရက တင်ပို့ခွင့်ပြုထားပေမယ့် ရေထွက်ကုန်လုပ်ငန်းရှင်တွေကတော့  ကုန်​ကြမ်းထုတ်​မှုအပိုင်း၊ နိုင်​ငံတကာကုန်​သွယ်​မှုအခြေအနေနဲ့ ​ဈေးနှုန်း​ကြောင့်​ဆိုပြီး မပို့ကြသေးတာလို့ သိရပါတယ်။

 

မြန်မာ့မွေးမြူရေးငါး တင်ပို့မှုမှာ EU (ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ)ဘက်က လိုချင်တဲ့ အရွယ်အစား၊ ဈေးနှုန်းတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် တွက်ချေကိုက်ညီမှု ချိန်ဆနေရသလို ကုန်ကြမ်းထုတ်လုပ်မှုအပိုင်းကိုလည်း နိုင်ငံတကာ ကုန်သွယ်မှုဝင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

“အီးယူကို တင်ပို့နိုင်တဲ့ စက်ရုံ ၂၀ လောက်  ရှိတယ်။ စက်ရုံပိုင်းက ပြဿနာမရှိဘူး။ အဓိကတော့ ကုန်ကြမ်းထုတ်လုပ်မှု အပိုင်းစောင့်ရမယ်။ နိုင်ငံတကာ ကုန်သွယ်မှုအပိုင်း ဝင်နိုင်ဖို့ စောင့်ရမယ်။” လို့ မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများနဲ့ ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းအေးက ပြောပါတယ်။

 

မြန်မာရေထွက်ကုန်တွေ EU ကို တင်ပို့နေမှုက ၁၉၉၇ ခုနှစ်ကစတင်ပြီး GSP (ကုန်သွယ်ခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေး) တိုးမြှင့်လိုက်တဲ့အတွက် တင်ပို့ခွင့်မရရှိတော့ဘဲ ၂၀၁၀ ခုနှစ်မှ ပြန်လည်တင်ပို့ ခွင့်ရရှိခဲ့တာပါ။   မွေးမြူရေးငါး၊ ပုစွန်တွေကို တင်ပို့ခွင့်ရဖို့ ၂၀၁၄ ခုနှစ်ကစပြီး ကြိုးစားခဲ့ရတာဖြစ်သလို ၂၀၁၇ ခုနှစ်ကတည်းက EU နိုင်ငံပေါင်း ၂၈ နိုင်ငံအနက် ၁၀ နိုင်ငံကို တင်ပို့ခဲ့ပါတယ်။

 

ဒီနှစ်အတွက်ကတော့ မေလ ၁ ရက်ကစပြီး ထပ်မံတင်ပို့ခွင့်ရရှိခဲ့တာဖြစ်ပြီး တင်ပို့ခွင့်ရရှိမယ့် မွေးမြူရေးငါးတွေက ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်ဖြူ ၊ ရွှေဝါ၊ ငါးတန်၊ ငါးခုံးမကြီး၊ည တီလားဘီးယား၊ ပုစွန်ဖြူ ၊ ပုစွန်ကြား၊ ဂဏာန်းပျော့တို့ ဖြစ်ပါတယ်။

 

ဒီမွေးမြူရေးငါး၊ ပုစွန်တွေကို  UK၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ဆိုက်ပရပ်စ်၊ ဆွီဒင်၊ ဂရီ၊ ဘယ်ဂျီယံ၊ ဂျာမနီ အစရှိတဲ့ နိုင်ငံတွေကို တင်ပို့သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနဲ့ ပို့ကုန်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

 

လက်ရှိမှာတော့ EU ကို တင်ပို့ခွင့်ရရှိတဲ့ စက်ရုံ ၇ ရုံနဲ့ မွေးမြူရေးငါးကန် ၂၇ ကန်ကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရရှိတဲ့အချက်အလက်တွေကို သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနတွေဆီ ပေးပို့ထားပြီး ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ငါး၊ ပုစွန် တင်ပို့မှုမှာ တန်ချိန် တစ်သောင်းကျော် (အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ဖိုး) တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

#voiceofmyanmar #အီးယူကိုမွေးမြူရေးငါးတင်ပို့ခွင့်ပြုထားပေမယ့်တင်ပို့နိုင်ခြင်းမရှိသေး  #EU #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW