ဝေသာလီဆုတောင်းပြည့်ဘုရားမှာ အလုပ်လုပ်နေတဲ့ လက်သမားသုံးဦးကို တပ်မတော်ဖမ်းဆီး

မြောက်ဦး၊ ဇွန် ၂၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

မြောက်ဦးမြို့နယ် မြောက်ဘက် ၆ မိုင်ခန့်အကွာမှာရှိတဲ့ ဝေသာလီရှေးဟောင်းဘုရားကြီး အာရုံခံသိမ်တော်ကြီးမှာ အလုပ်လုပ်နေကြတဲ့ လက်သမားသုံးဦးကို တပ်မတော်စစ်ကြောင်းက မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“လက်သမားတွေထဲက သုံးဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ထမင်းစားဖို့အတွက် ရွာကိုပြန်တဲ့အချိန်မှာ ဖမ်းသွားတာပါ။ စစ်ကြောင်းက ရွာကိုဝင်လာတယ်။ သူတို့က အလုပ်နားပြီး ရွာကိုအပြန် လမ်းမှာတွေ့လို့ ဖမ်းသွားတာပါ။”လို့ ဘုရားဂေါပကအဖွဲ့က ပြောပါတယ်။

 

အဲ့ဒီလက်သမားတွေဟာ ဒေသခံတွေဖြစ်ကြပြီး နေ့လည် ၁၁ နာရီလောက်မှာ အလုပ်လုပ်နေရာကနေ သူတို့ရဲ့နေအိမ်တွေ ရှိတဲ့ရွာကို ဆိုင်ကယ်နဲ့ထမင်းစားပြန်တဲ့အချိန် လမ်းမှာစစ်ကြောင်းနဲ့တွေ့ပြီးတော့ လက်သမားငါးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဘူးရွက်မညိုးကျေးရွာသား နှစ်ဦးကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပြီး သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“သူတို့က အမှန်တကယ် ဘုရားမှာသိမ်လုပ်နေကြတဲ့ လက်သမားတွေဖြစ်ပါတယ်။ အဲ့ဒါကို မနေ့က ဖမ်းဆီးသွားတယ်။ သူတို့ငါးယောက်လုံးကို ဖမ်းတာပါ။ နှစ်ယောက်ကိုတော့ လမ်းမှာပြန်လွှတ်ပေးခဲ့တယ်။ သုံးယောက်ကိုတော့ ခေါ်သွားတယ်။ သူတို့ကိုဖမ်းသွားပြီး စစ်ကြောင်းက ပေါက်တောပြင်ရွာဘက်ကို ထွက်လာတယ်။ အဲ့ဒီမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကြားလိုက်ရတယ်။”လို့ ပေါက်တောပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 

ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရတဲ့ လက်သမားသုံးဦးတို့မှာ ဘူးရွက်မညှိုးကျေးရွာသားတစ်ဦးနဲ့ မောင်ရှီကန်ကျေးရွာသားနှစ်ဦးတို့ ဖြစ်ကြပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ “ကျနော်တို့ဘက်ကတော့ AA နဲ့ဆက်စပ်တဲ့သူတွေကို လိုအပ်လို့သာ ခေါ်ယူစစ်ဆေးခဲ့ရတာပါ။ အဲ့ဒီနားမှာ လက်သမားလုပ်နေတဲ့သူ ဘယ်သူမှမရှိဘူး။ ကျနော်တို့ကတော့ AA နဲ့ဆက်စပ်တဲ့သူတွေဆိုရင် အကုန်လုံးကို တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။”လို့  ပြောပါတယ်။

 

မနေ့ ညနေပိုင်းမှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ပေါက်တောပြင်အပါအဝင် အနီးအနားမှာရှိတဲ့ ကျေးရွာသားတွေဟာ ရွာမှာမနေရဲကြဘဲ ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 

#voiceofmyanmar #ဝေသာလီဆုတောင်းပြည့်ဘုရားမှာအလုပ်လုပ်နေတဲ့လက်သမားသုံးဦးကို တပ်မတော်ဖမ်းဆီး # ရခိုင် #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW