ပြည်တွင်းလေကြောင်းလိုင်းဈေးကွက် ကမ္ဘာလှည့်ခရီးသွားတွေအပေါ် မူတည်နေ

ရန်​ကုန်​ ၊ ဇွန်​ ၂၁ – ၂၀၁၉

သူရိန်(VOM)

 

ပြည်တွင်းလေကြောင်းလိုင်းဈေးကွက် ခိုင်မာမှုရှိဖို့က ကမ္ဘာလှည့်ခရီးသွားဧည့်သည်​တွေနဲ့ အများကြီး သက်ဆိုင်မှုရှိ​နေတယ်လို့ ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဦးစီးဌာနက သိရပါတယ်။

 

“တိုက်ရိုက်အချိုးကျတယ်ပေါ့။ ခရီးသွားဧည့်သည် များရင်များသလို ပိုပြီးတော့မှ လေကြောင်းလိုင်းဈေးကွက်က ခိုင်မာမှု ရှိလာနိုင်ပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ကလည်း နိုင်ငံတကာမှာရှိတဲ့ တိုးတက်နေတဲ့ လေကြောင်းလိုင်းတွေရဲ့ စီးပွားရေး နည်းစနစ်တွေကို လေ့လာဖို့ လိုတယ်။ ပြီးတော့ ယှဉ်ပြိုင်မှု ဥပဒေနဲ့ ကင်းလွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများလည်း လေ့လာဆန်းစစ် ဖို့ လိုအပ်တယ်။” လို့ ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်​။

 

လေကြောင်းလိုင်းအများစုက အမြတ်စွန်းငွေ မရရှိဘဲ အရှုံးခံပြေးဆွဲနေရတဲ့ကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်တဲ့အတွက် ရပ်နားလိုက်ရတဲ့ လေကြောင်းလိုင်းတွေလည်းရှိ​နေပြီး လေကြောင်းလိုင်းအသစ်​တွေထပ်မံ ပေါ်ထွန်းဖို့ အခက်အခဲ​တွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

 

ဒီလိုအရှုံးပေါ်ရတာက လေယာဉ်ဆီဈေးနှုန်း မြင့်တတ်တာတစ်ခုတည်းကြောင့်မဟုတ်ဘဲ လေယာဉ်အစင်းရေ လုံလောက်မှုမရှိတာ၊ ခရီးသည်​တွေအပေါ် ဝန်ဆောင်မှုမပေးနိုင်​တာ​တွေကြောင့် လေကြောင်းလိုင်း​တွေအရှုံး ပေါ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီလိုအခြေအနေတွေကြောင့် လက်ရှိ ပြည်တွင်းလေကြောင်းလိုင်းတွေဖြစ်တဲ့ Apex Airlines နဲ့ Air Manadalay လေကြောင်းလိုင်းတို့မှာလည်း လေယာဉ်အစီးရေ တစ်စီးဆီနဲ့သာ ခရီးစဉ်တွေ ပျံသန်းနေလို့ ပြည်တွင်းလေကြောင်းလိုင်း ဦးစီးဌာနအနေနဲ့ ပျံသန်းခွင့်ရပ်ဆိုင်းထားပြီး လေယာဉ်အစင်းရေ ထပ်မံဖြည့်တင်းခိုင်းထားတယ်​လို့ သိရပါတယ်​။

 

နိုင်ငံခြားခရီးသွားဝင်ရောက်မှုဘက်မှာတော့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာတစ်ရက်က စပြီး တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့ကို ဗီဇာဖြေလျှော့ပေးခဲ့တဲ့အတွက် ခရီးသွားဧည့်သည် သိသိသာသာ တိုးလာတယ်​လို့ သိရပါတယ်​။

 

#voiceofmyanmar  # ပြည်တွင်းလေကြောင်းလိုင်းဈေးကွက်ကမ္ဘာလှည့်ခရီးသွားတွေအပေါ်မူတည်နေ  #အရှုံးပေါ် #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW